Saturday, July 30, 2016

တိုင်ဖွန်းမုန်တိုင်း ဗီယက်နမ်မြောက်ပိုင်းဝင်ရောက် ဒဏ်ရာရ သေဆုံးသူများရှိကာ အပျက်အစီးများပြား


ဟနွိုင်း ဇူလိုင် ၂၉

ဇူလိုင် ၂၈ ရက်ညက ဗီယက်နမ်မြောက်ပိုင်းကို ဝင်ရောက်သွားသော တိုင်ဖွန်းမုန်တိုင်း မီရီနေးကြောင့် ဇူလိုင် ၂၉ ရက်အထိ လူလေးဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကာ တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
နန်ဒင်မြောက်ပိုင်းတွင် တိုင်ဖွန်းမီရီနေး ဝင်ရောက်တိုက်ခတ်ပြီးနောက် လျှပ်စစ် မီးတိုင်ပြိုလဲကာ လူသုံးဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြား ချက်ကို ကိုးကား၍ ဒေသတွင်းသတင်းစာ ဘိုဂျော်သောင် (ပို့ဆောင်ရေးသတင်းစာ)တွင်ဖော်ပြသည်။
မုန်တိုင်းအရှိန်ကြောင့် ဇူလိုင် ၂၈ ရက်အစောပိုင်းတွင် မိုးသက်လေပြင်းများ ကျရောက်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဗီယက်နမ်မြို့တော် ဟနွိုင်းတွင် လူတစ်ဦးသေဆုံးခဲ့သည်။
မုန်တိုင်းကြောင့် လူလေးဦးသေဆုံးခဲ့သည့်အပြင် ရှစ်ဦး (ဟနွိုင်းမှ ငါးဦး၊ ထိုင်ငုယင် ပြည်နယ်မှသုံးဦး) ဒဏ်ရာရရှိခဲ့ကာ သန်ဟွာပြည်နယ်တွင်တစ်ဦး ပျောက်ဆုံးခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန စိုက်ပျိုး ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ထရန်ကွမ်ဟွာက အွန်လိုင်းသတင်းစာတွင် ဇူလိုင် ၂၉ ရက်က ပြောခဲ့သည်။
တိုင်ဖွန်းမုန်တိုင်းကြောင့် အိမ်ပေါင်း ၁၄ဝဝ အမိုးများလန်ထွက်ကာ ပျက်စီးခဲ့ပြီး လှေ ၁၂ စင်း နစ်မြုပ်သွားခဲ့သည်။ စိုက်ပျိုးရေးဟက်တာပေါင်း ၁၉၆ဝဝဝ ကျော် ပျက်စီးခဲ့သည့်အပြင် သီးနှံစိုက်ဟက်တာ ၂၁ဝဝဝ ကျော်ပျက်စီးခဲ့သည်။ ထို့အပြင် အပင်ပေါင်း ၅ဝဝဝ အမြစ်များမှ ကျွတ်ထွက်ခဲ့သည်။ လျှပ်စစ်မီးများလည်း နန်ဒင်တွင် ဇူလိုင် ၂၇ ရက်ကတည်းက ပြတ်တောက်ခဲ့သည်။

(ဆင်ဟွာ)

No comments:

Post a Comment