Sunday, July 31, 2016

31.7.2016...ကြေးမုံ စာတည်းရှုထောင့်




စီးပွားရေးမူဝါဒသစ်နှင့်နိုင်ငံသစ်တည်ဆောက်


နိုင်ငံတော်၏စီးပွားရေးမူဝါဒတွင် အခြေခံမည့် စီးပွားရေးမူဝါဒ ၁၂ ချက် ကို ယမန်နေ့က ရှင်းလင်းပြောကြား ချပြလိုက်ပြီဖြစ်သည်။ ထိုမူဝါဒကို ချမပြမီကတည်းက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အရပ်သားအစိုးရ၏ စီးပွားရေးမူဝါဒသစ်ကို အများပြည်သူတို့နှင့် စီးပွားရေးကျွမ်းကျင်သူပညာရှင်တို့က မျှော်လင့်နေကြသည်။
အစိုးရသစ်အနေဖြင့် ရွေးကောက်ပွဲမတိုင်မီကာလကတည်းက ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ရာ၌လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်မည်ဟု ကြိုတင်ကတိပေးထားသည်။ ယင်းတွင် ဘဏ္ဍာရေးမူဝါဒများ၊ လယ်ယာကဏ္ဍ၊ တည်ငြိမ်သည့် ငွေကြေးနှင့်ဘဏ္ဍာရေးစနစ်၊ အခြေခံအဆောက်အအုံများတိုးတက်ရေး၊ ကောင်းမွန်သည့်အုပ်ချုပ်မှုစနစ် စသည်တို့ပါဝင်ခဲ့သည်။ ယခု အများပြည်သူ စိတ်ဝင်စားမှုရှိနေသော အစိုးရသစ်၏ စီးပွားရေးမူဝါဒများကို သိရှိလိုက်ရပြီဖြစ်သည်။
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်၊ အလုပ်အကိုင်ရရှိရေးနှင့်စီးပွား ရေးတိုးတက်မှုကို အထောက်အကူပြုရေး၊ လူ့အရင်းအမြစ်များ မွေးထုတ်ပေးရေးနှင့်အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အအုံများထူထောင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ပို့ကုန်မြှင့်တင်ရေးအတွက် ချိန်ခွင်လျှာညီသည့် စီးပွားရေးပုံစံဖော်ထုတ်ရေး၊ ပုဂ္ဂလိကကဏ္ဍတိုးတက်ရေး၊ ငွေရေးကြေးရေးစနစ်ဖြင့် ဘဏ္ဍာရေး တည်ငြိမ်မှု ရရှိလာစေရေး၊ သဘာဝပတ်ဝန်းကျင်များကို ရေရှည်ထိန်း သိမ်းနိုင်ရေး၊ နိုင်ငံတော်ဝင်ငွေတိုးတက်ရရှိရေး၊ တီထွင်ဖန်တီးမှုစွမ်းရည်များနှင့် အဆင့်မြင့်နည်းပညာတိုးတက်မှုများကို အားထုတ်ကြိုးပမ်းဖြစ် ပေါ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများကို အမြော်အမြင်ကောင်းများဖြင့် အခြေတည်ထူထောင်ရေး စသည့်မူဝါဒများပါဝင်သည်။
နိုင်ငံတော်၏စီးပွားရေးမူဝါဒသည် ပြည်သူကို ဗဟိုပြု၍ အားလုံး ပါဝင်နိုင်သော စဉ်ဆက်မပြတ် တိုးတက်မှုရရှိစေရန် ရည်ရွယ်ထားသည်။ အထူးသဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူရရှိ စေရန် ဦးတည်၍ သဘာဝသယံဇာတအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းလျက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအကြား မျှတမှန်ကန်စွာ ခွဲဝေအသုံးချနိုင်မည့် စီးပွားရေးမူဘောင်ချမှတ်ဆောင်ရွက်ရန် မျှော်မှန်းထားသည်။ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပထမအရေးအကြီးဆုံးသောအချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်သည်။
နိုင်ငံတော်စီးပွားရေးမူဝါဒရှင်းလင်းပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က တစ်ချိန်က မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများထက် စီးပွားရေး အခြေအနေကောင်းမွန်ခဲ့ကြောင်း၊ သို့သော် နိုင်ငံရေးကျဆင်းသွားသည့်အခါ စီးပွားရေးပါကျဆင်းသွားပါကြောင်း၊ ထို့ကြောင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အင်မတန်အလေးထားပါကြောင်း၊ ညီညီညွတ်ညွတ်ရှိမှသာ မိမိတို့လုပ်ကိုင်လိုသည့် အလုပ်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စီးပွားရေးနှင့်နိုင်ငံရေးမှာ ဆက်စပ်နေသည်။ နိုင်ငံရေးမကောင်းလျှင် စီးပွားရေးကျဆင်းမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ် နိုင်ငံတော်က အကောင်အထည်ဖော်နေသည်ကို တွေ့ရသည်။
မူဝါဒတွင် ငွေရေးကြေးရေး၊ အလုပ်အကိုင်အခွင့်အလမ်းတိုးတက် ရေးတို့ကို ဦးစားပေးဖော်ဆောင်ထားသည်။ အမျိုးသားပြန်လည်သင့်မြတ်ပြီး တိုင်းပြည်ငြိမ်းချမ်းလာပါက စီးပွားရေးတိုးတက်မှုသည် ဒွန်တွဲဖြစ်ပေါ်လာမည်ဖြစ်သည်။ အညီအမျှဖွံ့ဖြိုးမှု၊ တရားမျှတမှုနှင့် ငွေကြေးတည်ငြိမ်မှုတို့သည် အရေးကြီးသည်။ လွတ်လပ်သော ကုန်သွယ်မှု၊ အတားအဆီးများကို ဖြေလျှော့မှု၊ တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မှု၊ သဘာဝပတ်ဝန်းကျင်ကို ထုတ်ချင်တိုင်းထုတ်၊ ရောင်းချင်တိုင်းရောင်းချခြင်း ကိုတားဆီးမှု စသည့်နည်းလမ်းများမှာ ကျယ်ပြန့်သည်။ အစိုးရသစ်၏ ပထမရက်တစ်ရာတွင် စီးပွားရေးမူဝါဒများရေးဆွဲကာ လုပ်နိုင်သမျှလုပ်ခဲ့ ကြပြီးဖြစ်သည်။ ယခုချမှတ်လိုက်သော စီးပွားရေးမူဝါဒနှင့်အညီ ဆက်လက်လုပ်ကိုင်ကြရာ၌ မည်သို့လုပ်မည်ဟူသည့် နည်းလမ်းကောင်းများဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

No comments:

Post a Comment