Wednesday, June 29, 2016

အာဇာနည်နေ့အတွက် ဗိုလ်ချုပ်ပြတိုက်ကို အကောင်းဆုံးပြင်ဆင်



သတင်း-မြင့်မောင်စိုး၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

ရန်ကုန် ဇွန် ၂၈

လာမည့်အာဇာနည်နေ့(ဇူလိုင် ၁၉ ရက်)မတိုင်မီ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကြီးကို အများပြည်သူများအဆင်ပြေချောမွေ့စွာ ကြည့်ရှုလေ့လာနိုင် ရန် အကောင်းဆုံးကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တာဝန်ခံ ဦးစီးအရာရှိ ဦးကျော်အေးက ပြောသည်။
''အာဇာနည်နေ့မတိုင်မီ ပြင်ဆင်နေမှုအပိုင်းနှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက ဗိုလ်ချုပ် ပြတိုက်၊ တစ်ပိုင်းက ဝန်ထမ်းအိမ်ထောင်သည်လိုင်း ပြင်ဆင်မှုအပိုင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ပြတိုက်ပြင်ဆင်မှုအပိုင်းမှာတော့ ယခင်ကမရှိသေးတဲ့ ဃဃွှဠ လုံခြုံရေး ကင်မရာတွေ တပ်ဆင်ထားပါတယ်။ မီးဘေးလုံခြုံရေးအတွက် မီးသတ်ပိုက်တွေလည်း တပ်ဆင်ထားပါတယ်။ ဒါ့အပြင်ပြတိုက် အတွင်း၊ အပြင် ဆေးပြန်သုတ်ပါတယ်။ အပေါ် ပိုင်း အမိုးတွေကိုရေနံချေး ပြန်သုတ်ပါတယ်။ အိမ်ထောင်သည်လိုင်းခန်းတည်ဆောက် မှုအပိုင်းမှာတော့ လေးခန်းတွဲနှစ်ထပ်၊ မော်တော်ယာဉ်ထားဖို့ အဆောက်အအုံ၊ သန့်စင်ခန်းတွေတည်ဆောက်လျက်ရှိပါတယ်။ ဒါတွေအားလုံးဟာ အာဇာနည်နေ့ မတိုင်မီ အပြီးလုပ်ဆောင်နေတာပါ''ဟု ဦးကျော်အေးက ပြောသည်။
ပြီးခဲ့သည့်နှစ် အာဇာနည်နေ့တွင် ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်ကြည့်ရှုသူ ၁၅ဝဝဝ ကျော်ရှိကြောင်း၊ ဗိုလ်ချုပ်ပြတိုက်ကိုအာဇာနည်နေ့တွင် နံနက် ၈ နာရီမှညနေ ၄ နာရီခွဲအထိ အများပြည်သူများအား အခမဲ့ပြသသွားမည်ဖြစ်ကြောင်း၊ သာမန်နေ့များ တွင်တနင်္လာနေ့နှင့် အများပြည်သူရုံးပိတ်ရက် နေ့ကြီးအခါကြီးရက်များမှအပ အင်္ဂါနေ့ မှ တနင်္ဂနွေနေ့အထိ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသထား ကြောင်း၊ ဝင်ကြေးမှာ ပြည်တွင်း၊ ပြည်ပငွေကျပ် ၃ဝဝ ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ၊ ရဟန်း၊ သံဃာတော်များ၊ သီလရှင်များအခမဲ့ ကြည့်ရှုနိုင်ကြောင်း သိရသည်။

ဗိုလ်ချုပ်ပြတိုက်(သို့မဟုတ်) ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည် မြန်မာ့လွတ်လပ် ရေး ဗိသုကာဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော နေအိမ်ကို ပြတိုက်အဖြစ်ခင်းကျင်းပြသ ထားခြင်းဖြစ်သည်။ အမှတ်(၂၅)ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း၊ ဗိုလ်ချို (၁) ရပ်ကွက် ဗဟန်းမြို့နယ်၌ တည်ရှိသည်။ ဘဲဥပုံသဏ္ဌာန်မြေကွက်ဖြစ်၍ ခြံဝင်း အကျယ်မှာ ၂ ဒသမ ၄၂၃ ဧကရှိသည်။ ၁၉၂၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သောအဆောက် အအုံဖြစ်၍ အနောက်တိုင်း ဗိသုကာဟန်ရောနှောတည်ဆောက်ထားသော ၂ဝ ရာစု ဥရောပပုံစံဖြစ်သည်။ နေအိမ်အဆောက်အအုံမှာ ခြံဝင်းအတွင်းရှိသော ၁၈ ပေမြင့်သည့် ကုန်းပေါ်တွင် တောင်ဘက်သို့မျက်နှာစာပြုကာ တည်ဆောက်ထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယင်းအိမ်ကြီးတွင် ၁၉၄၅ ခုနှစ် မေလမှ ၁၉၄၇ ခုနှစ် ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်သွားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ပြတိုက်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် မိသားစုနှင့်အတူနေထိုင်သွားခဲ့သော အိမ်ကြီးဖြစ်၍ ပြတိုက်ကို လာရောက် လေ့လာခြင်းဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်၊ စည်းကမ်းရှိမှု၊ ခြိုးခြံချွေတာစွာနေထိုင်တတ်မှုစသည်ဖြင့် ဂုဏ်ယူအတုယူဖွယ်ရာများ တွေ့မြင်ရမည်ဖြစ်ပါသည်။

No comments:

Post a Comment