Friday, April 1, 2016

MNL အမှတ်ပေးပြိုင်ပွဲ ဧပြီ ၂ ရက် ပြန်လည်ကျင်းပမည်




The Mirror Daily's photo.
ရန်ကုန် မတ် ၃၁

၂ဝ၁၆ ရာသီ MNL အမှတ်ပေး ပြိုင်ပွဲ ပွဲစဉ်(၁၁)ကို ဧပြီ ၂ ရက်မှ ၄ ရက်အထိ ပြန်လည်ကျင်းပသွား မည်ဖြစ်ပြီး MNL စတင်ကတည်းက အစဉ်အလာပြိုင်ဘက်များဖြစ်ခဲ့သည့် ရတနာပုံနှင့် ရန်ကုန်အသင်းတို့ တွေ့ဆုံလျက်ရှိသည်။ MNL ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲကြောင့် နှစ်ပတ်ကျော်ကြာ ရပ်နားထားခြင်း ဖြစ်သည်။

ပွဲစဉ် (၁၁) ပထမအကျော့ နောက်ဆုံးရက်သတ္တပတ်အဖြစ် ဧပြီ ၂ ရက်တွင် ဗထူးကွင်း၌ ရတနာပုံ အသင်းနှင့် ရန်ကုန်အသင်း၊ သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် ဧရာဝတီအသင်း၊ ဧပြီ ၃ ရက်တွင် အောင်ဆန်းကွင်း၌ ရခိုင်အသင်းနှင့် ရှမ်း ယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌ Horizon အသင်းနှင့် Sothern အသင်း၊ ဧပြီ ၄ ရက်တွင် အောင်ဆန်းကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ဇေယျာရွှေမြေအသင်း၊ သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပထမအကျော့ပွဲစဉ်များမှာ ဧပြီ ၄ ရက်တွင် ပြီးဆုံးမည်ဖြစ်သော်လည်း ပွဲစဉ် ၁ဝ မှ ရွှေ့ဆိုင်းထားသည့် ရန်ကုန်-ဇွဲကပင်ပွဲကို ဧပြီ ၇ ရက်၌ ကျင်းပမည်ဖြစ်ပြီး ယင်းပွဲပြီးမှသာ ပထမအကျော့ပွဲစဉ်အားလုံး ပြီးဆုံးမည်ဖြစ်သည်။

ပွဲစဉ် ၁ဝ အပြီးတွင် ရတနာပုံ အသင်းက ၂၆ မှတ်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဟံသာဝတီအသင်းက ၂၁ မှတ်၊ ဧရာဝတီအသင်းက ၁၇ မှတ်၊ ရန်ကုန်အသင်းက ၁၆ မှတ်၊ ဇွဲကပင်အသင်းနှင့် ချင်းယူနိုက်တက် အသင်းတို့က ၁၄ မှတ်စီ၊ မကွေး အသင်းက ၁၃ မှတ်၊ ဇေယျာရွှေမြေ အသင်းက ၁၂ မှတ်၊ ရှမ်းယူနိုက်တက် အသင်းက ၁၁ မှတ်၊ ရခိုင်အသင်းက ၁ဝ မှတ်၊ Horizon အသင်းက လေးမှတ်၊ Southern အသင်းက သုံးမှတ်တို့ ရရှိထားသည်။ ရန်ကုန်နှင့် ဇွဲကပင်အသင်းတို့မှာ ကိုးပွဲစီသာ ကစားရသေးပြီး ကျန်အသင်းများမှာ ၁ဝ ပွဲစီ ကစားပြီးဖြစ်သည်။

ယခုတစ်ပတ်တွင် စိတ်ဝင်စားစရာ အကောင်းဆုံးပွဲမှာ ရတနာပုံ-ရန်ကုန် တို့တွေ့ဆုံမှုဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန် သည့် ပွဲကောင်းဖြစ်လာနိုင်ပေသည်။
သတင်း၊ ဓာတ်ပုံ-ရှိုင်းထက်ဇော်

No comments:

Post a Comment