Friday, April 1, 2016

စွန့်ပစ်ပလတ်စတစ်ဖြင့်ဆောက်လုပ်သည့် ကျောင်းစာကြည့်တိုက်ပြီးစီးလုနီး စာကြည့်တိုက်သို့ နိုင်ငံခြားသားဧည့်သည်များ လာရောက်လေ့လာကူညီပေးလျက်ရှိ

The Mirror Daily's photo.
ပုဂံ မတ် ၃၁
ပုဂံတွင် ပလတ်စတစ်အမှိုက်များကို Recycle ပြုလုပ်သည့်အနေဖြင့် အုတ်အစားထိုးပြောင်းလဲ အသုံးပြု ကာ နတ်ကြို့အိုင်ကျေးရွာတွင် ကျောင်းစာကြည့်တိုက် တစ်တိုက် ဆောက်လုပ်လျက်ရှိရာ ပြီးစီးလုနီးပါး ရှိနေပြီဟု သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဒေသ၏ လှပတင့်တယ်မှုများဖျက်ဆီး နေသည့် ပလတ်စတစ်အမှိုက်များ ကင်းစင်ရေးအတွက် အသုံးပြုမှု လျော့နည်းစေရေး၊ စည်းကမ်းတကျ စွန့်ပစ်စေရေးတို့ကို ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင် ဦးဆောင်သော ပုဂံပလတ်စတစ် ကင်းစင်ရေးလှုပ်ရှားမှုအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များ၊ ပုဂံဒေသကို ချစ်မြတ်နိုးကြသည့် စေတနာရှင် လူငယ်များ စနေနေ့တိုင်း စုပေါင်းကာ ကောက်ယူ သိမ်းဆည်းလျက်ရှိပြီး ပြည်တွင်း ပြည်ပ ခရီးသွားများကို လည်း ပလတ်စတစ်အမှိုက်များကို အသုံးပြုပြီး စနစ်တကျစွန့်ပစ်ကြရန် တို့ကိုလည်း လိုက်လံအသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပုဂံပလတ်စတစ်ကင်းစင်ရေး လှုပ်ရှားမှုအဖွဲ့သည် ကောက်ယူရရှိ သော စွန့်ပစ်ပလတ်စတစ် အမှိုက်များကို သဘာဝပတ်ဝန်းကျင်ထိခိုက် မှုမရှိစေဘဲ ပြန်လည်အသုံးပြုသည့် အနေဖြင့် အသုံးပြုပြီးသော သုည ဒသမ ၆ လီတာ ရေသန့်ဘူးခွံထဲသို့ ဖိသိပ်ထည့်ကာ ပြုလုပ်ထားသည့် ပလတ်စတစ်အုတ်ဖြင့် ညောင်ဦးမြို့ နယ် နတ်ကြို့အိုင်ကျေးရွာတွင် ပေ ၆ဝ၊ ပေ ၃ဝ အကျယ်အဝန်းရှိ စာကြည့်တိုက်အဆောက်အအုံတစ်ခု တည်ဆောက်လျက်ရှိသည်။ ပြည်တွင်းမှ အနုပညာရှင်များ၊ နိုင်ငံရပ်ခြားမှ ဧည့်သည်တော်များ၊ ပညာတော်သင် ကျောင်းသား ကျောင်းသူများ၊ INGO အဖွဲ့အစည်းများမှ ကိုယ်စားလှယ် တော်များသည်လည်း အခါအားလျော် စွာ စာကြည့်တိုက်သို့ လာရောက် လေ့လာလျက်ရှိပြီး စွန့်ပစ်ပလတ်စတစ် အမှိုက်များကို အုတ်အစားထိုးအသုံး ပြု၍ တည်ဆောက်ထားသော ယင်း စာကြည့်တိုက်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည်ဟု သိရသည်။
အဆိုပါစာကြည့်တိုက်ကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် စတင်တည် ဆောက်ခဲ့ပြီး မိလိန္ဒဟု အမည်ပေး ထားကြောင်း သိရသည်။ ယခုအခါ စာကြည့်တိုက်မှာ ပြီးစီးလုနီးပါးရှိနေ ပြီဖြစ်သဖြင့် စာကြည့်တိုက်အတွင်း အသုံးပြုရန် စားပွဲ၊ ကုလားထိုင်နှင့် စာအုပ်တင်စင်များ၊ သုတ၊ ရသ စာအုပ်၊ စာစောင်များ လိုအပ်လာပြီ ဖြစ်ရာ ပညာပါရမီဖြည့်တင်း လိုသူများအနေဖြင့် ဘဒ္ဒန သီရိနန္ဒ (နတ်ကြို့အိုင်ဆရာတော်) ဖုန်း-ဝ၉ ၄ဝ၂၇၅၃ဝ၈၁၊ ဦးတင်ထူးမောင် (ခရိုင်အုပ်ချုပ်ရေးမှူး) ဖုန်း-ဝ၉ ၂၁၅၁၃၂၇၊ ဦးတင့်ဆွေ (ပုဂံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း) ဖုန်း-ဝ၉၂ဝ၄၃၃၉ဝ တို့ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ရဲသူရအောင်(ညောင်ဦး)

No comments:

Post a Comment