Friday, April 1, 2016

ကလေးဆေးရုံသို့ သွားရောက်ဖျော်ဖြေခဲ့တဲ့ ဒေမီလက်ဗားတိုးနဲ့ နစ်ခ်ဂျိုးနက်စ်




The Mirror Daily's photo.


အမေရိကန်ပေါ့ပ်အဆိုတော် ဒေမီလက်ဗားတိုးနဲ့ နစ်ခ်ဂျိုးနက်စ်တို့ဟာ သူတို့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲ ''Future Now'' ကို လာမယ့်ဇွန်လအတွင်း စတင်သွားဖို့ စီစဉ်ထားခဲ့ကြပြီး ယင်းနယ်လှည့်ဖျော်ဖြေပွဲခရီးစဉ်တွေ မစတင်မီမှာ သူတို့ရဲ့လူငယ်ပရိသတ်တွေကို ဖျော်ဖြေတဲ့အနေနဲ့ ကလေးဆေးရုံတစ်ရုံကို သွားရောက်ဖျော်ဖြေခဲ့တယ်လို့ အမ်တီဗွီနယူးစ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။

ယခုလအစပိုင်းမှာ အသက် (၂၃)နှစ်အရွယ် နစ်ခ်ဂျိုးနက်စ်ဟာ လော့စ်အန်ဂျယ်လိစ်က ကလေးဆေးရုံကို အဆိုတော် ဒေမီလက်ဗားတိုးနဲ့ အတူ ရုတ်တရက်သွားရောက်ကာ ကလေးတွေကို တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး ယင်းဖျော်ဖြေမှုကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ပြီးခဲ့တဲ့ အင်္ဂါနေ့က အွန်လိုင်း မီဒီယာပေါ်ကနေတစ်ဆင့် ထုတ်လွှင့်ခဲ့ပါတယ်။

ယင်းကလေးဆေးရုံမှ ကလေးအထူးကုဆရာဝန် လစ်ဆာစိုက်စ်က ''ဒီဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ကလေးတွေဟာ ဆေးရုံမှာ အချိန်အကြာကြီးနေလာခဲ့ရတော့ သူတို့ဟာ အပြင်လောက က သာမန်ကိစ္စရပ်တွေနဲ့ အလှမ်းဝေးနေသလို ခံစားနေရတယ်။ ဒီလိုဖျော်ဖြေပေးတော့ သူတို့အတွက် အထူးရည်ရွယ်ပြုလုပ်ပေးတဲ့ ဂီတဖျော်ဖြေပွဲတစ်ခုကို သူတို့ ခံစားခွင့်ရ သွားပါတယ်။ ဒီလိုဖျော်ဖြေပေးတာဟာ ကလေးတွေအတွက် ထူးခြားတဲ့ ခံစားမှုကို ရရှိစေပါတယ်''လို့ ယခုလို ပြည်သူချစ်တဲ့အနုပညာရှင်တွေအနေနဲ့ နာမကျန်းတဲ့ ကလေးငယ်တွေကို လာရောက်ဖျော်ဖြေပေးတာနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယခုလိုဖျော်ဖြေရာမှာ နစ်ခ်ဂျိုးနက်စ်က ဂစ်တာတီးပေးကာ ဒေမီလက်ဗားတိုးက သူ့ရဲ့နာမည်ကျော်တေးသီချင်း ''Confident'' နဲ့ ဖျော်ဖြေခဲ့ပြီး နစ်ခ်ကလည်း သူ့ရဲ့တေးသီချင်း ''Jealous''ကို သီဆိုဖျော်ဖြေ ပေးခဲ့တယ်လို့ သိရပါတယ်။
အေးပြည့် - စုစည်းသည်

No comments:

Post a Comment