Friday, April 1, 2016

တရုတ်မှာဆုတွေသိမ်းပိုက်နိုင်ခဲ့တဲ့ 2 PM နဲ့ Wonder Girls



The Mirror Daily's photo.
တောင်ကိုရီးယားရဲ့နာမည်ကျော်တေးဂီတအဖွဲ့တွေဖြစ်ကြတဲ့ ''2PM''နဲ့ ''Wonder Girls''တို့ဟာ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဂီတဆုပေးပွဲတစ်ခုဖြစ်တဲ့ '' The 2rd KU Asian Music Award ''မှာ ဆုတွေအသီးသီး သိမ်းပိုက်နိုင်ခဲ့ကြောင်း အမ်ဝေ့ဖ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၉ရက်က တရုတ်နိုင်ငံ ဂွမ်ဂျူးမြို့မှာ ကျင်းပခဲ့တဲ့ အာရှဂီတဆုပေးပွဲမှာ ''2PM'' က အာရှရဲ့အကျော်ကြားဆုံးသော တေးဂီတအဖွဲ့ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အမျိုးသမီးတေးဂီတ အဖွဲ့ဖြစ်တဲ့ '' Wonder Girls'' ကတော့ အာရှရဲ့အကောင်းဆုံးဖျော်ဖြေတင်ဆက်မှုဆုအတွက် ရွေးချယ်ခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

ဆုလက်ခံရယူအပြီး အမှတ်တရစကားပြောကြားရာမှာ 2PM မှ အဖွဲ့ဝင် နစ်ခ်ျခန်က ''အချို့သော အစီအစဉ်တွေရှိနေတာကြောင့် ဒီဆုပေးပွဲကို ကျွန်တော်တို့အဖွဲ့ဝင်တွေ စုံစုံလင်လင် မတက်ရောက်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ နောင်အနာဂတ်မှာလည်း ကျွန်တော်တို့ အကောင်းဆုံးကြိုးစားတင်ဆက်သွားပါ့မယ်။ ဒီလိုဂုဏ်ပြုဆုကို လက်ခံရရှိခဲ့တဲ့အတွက် အလွန်ပဲဝမ်းသာမိပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို ဒီထက်ပိုမို ကောင်းမွန်တဲ့ အနုပညာဖန်တီးမှုတွေနဲ့ ပြန်လည်ပေးဆပ်သွားပါ့မယ်''လို့ ပြောကြားခဲ့ပါတယ်။

''Wonder Girls'' တေးဂီတအဖွဲ့ကလည်း သူတို့ကို အားပေးတဲ့ တရုတ်နိုင်ငံက ပရိသတ်တွေနဲ့ ဆုပေးအပ်တဲ့တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး အဖွဲ့ရဲ့ အအောင်မြင်ဆုံးသော တေးသီချင်းတွေ ဖြစ်ကြတဲ့ ''I Feel You''နဲ့ ''Nobody''တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ကြောင်း သိရပါတယ်။ အဆိုပါဆုပေးပွဲအခမ်းအနားကို တရုတ်ရုပ်သံမီဒီယာတွေက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး ဆုရရှိကြတဲ့ တောင်ကိုရီးယားအနုပညာရှင်တွေနဲ့ တရုတ်နိုင်ငံရဲ့နာမည်ကျော်အနုပညာရှင်တွေတက်ရောက်ခဲ့ကြပါတယ်။

အေးပြည့် - စုစည်းသည်

No comments:

Post a Comment