Wednesday, March 30, 2016

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်


မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

ကျွန်ုပ်တို့မြန်မာစကားပုံတွင် ''ငုပ်မိသဲတိုင် တက်နိုင် ဖျားရောက်''ဟူသော စကားရှိပါသည်။ အလုပ်တစ်ခုလုပ်သည့် နေရာတွင် ပေါက်ပေါက်မြောက်မြောက်ဖြစ်အောင် ကြိုးစား အားထုတ်သင့်ကြောင်း တိုက်တွန်းထားခြင်းဖြစ်ပါသည်။ ပညာ ရှာသည်ဖြစ်စေ၊ စီးပွားရှာသည်ဖြစ်စေ၊ ထွန်းထွန်းပေါက်ပေါက် လုပ်ကိုင်ကြိုးစားအားထုတ်ကြမှသာ အောင်မြင်သောဘဝ တစ်ခုကို ထူထောင်နိုင်မည်ဖြစ်ပါသည်။ အထူးသဖြင့် လူငယ် လူရွယ်များဘဝအတွက် ကြိုးစားအားထုတ်ရာတွင် ပေါက်ပေါက် မြောက်မြောက်ဖြစ်စေရန် တိုက်တွန်းချက်ပင်ဖြစ်ပါသည်။
လူငယ်လူရွယ်ဟူသည် ကိုယ်စီရည်မှန်းချက်ထားရှိ ရမည်ဖြစ်ပါသည်။ ရည်မှန်းချက်ရှိသည့်အတိုင်းလည်း ကြိုးစား ရမည်ဖြစ်ပါသည်။ ရည်မှန်းချက်မရှိလျှင် မျှော်လင့်ချက်လည်း ရှိနိုင်မည်မဟုတ်ပေ။ ရည်မှန်းချက်ရှိမှ မျှော်လင့်ချက်ရှိနိုင်သည်။
ရည်မှန်းချက်ဟူသည် မျှော်လင့်ချက်၏အစပင်ဖြစ်သည်။ လူသား သည် အရင်းအမြစ်တစ်ခုဖြစ်ပါသည်။ ထုတ်ကုန်တစ်ရပ်အရ ဆိုရလျှင် ကျောက်ရိုင်းတုံးများဖြစ်ပါသည်။ ထိုကျောက်ရိုင်းတုံး လေးများကို အရည်အသွေးကောင်းသော ကျောက်များဖြစ် အောင်သွေးနိုင်မှ ကျောက်ကောင်းတစ်စေ့ဖြစ်လာမည် ဖြစ်ပါ သည်။ ယနေ့ခေတ်သည် လူသားအရင်းအမြစ် (Human
Resources-HR) ကို အသုံးချပြီး တိုးတက်သောကမ္ဘာကြီး အဖြစ် ကြိုးပမ်းတည်ဆောက်နေချိန်ဖြစ်ပါသည်။ အိတ်ခ်ျအာ၏ အရေအတွက်သာမက အရည်အသွေးပါ တောက်ပြောင်လာအောင် ကြိုးပမ်းလျက်ရှိကြပေသည်။
သို့သော် အချို့လူငယ်များမှာ ပညာရေးတွင်လည်း ကြိုးစား အားထုတ်မှုနည်းပြီး အလုပ်တွင်လည်း လုံ့လဝီရိယစိုက်ထုတ်မှု မရှိဘဲ အချိန်ကုန်နေကြကုန်၏။ သာမန်လောက်သာ ကြိုးစား အားထုတ်ခြင်းဖြင့် ဘဝကို ကုန်ဆုံးနေကြကုန်၏။ လူတိုင်းလူတိုင်း သည် အစွမ်းရှိကြသည်သာဖြစ်၏။ ထိုအစွမ်းအစကိုထုတ်ပြီး မကြိုးစား၍သာ မိမိကိုယ်ကိုယ်အစွမ်းရှိမှန်းမသိ ဖြစ်နေကြ၏။ အစွမ်းအစကို မထုတ်သေးသမျှကာလပတ်လုံး အစွမ်းရှိသော လူသားဖြစ်လာလိမ့်မည်မဟုတ်ပေ။ အစွမ်းအစကို အားကုန် ညှစ်ထုတ် အလုပ်လုပ်ကြမှသာ အစွမ်းရှိသောလူသားအဖြစ်သို့ ရောက်ရှိမည်ဖြစ်သည်။ တန်ဖိုးရှိသော လူသားအဖြစ်သို့ ရောက်ရှိ လာမည်ဖြစ်သည်။
အစွမ်းအစကိုအသုံးချပြီး အခေါင်အဖျားသို့ တက်နိုင်စွမ်း ရှိရမည်။ မြစ်၏ကြမ်းပြင်ရှိ သဲအထိလည်း ငုပ်နိုင်စွမ်းရှိရ မည်။
အခေါင်အဖျားသို့လည်း မတက်နိုင်။ ကြမ်းပြင်သဲအထိ ရောက်အောင်လည်း ငုပ်နိုင်စွမ်းမရှိလျှင် ထူးခြားလာမည် မဟုတ် ပေ။ ဟိုမရောက်ဒီမရောက်လုပ်နေ၍ တိုးတက်လာမည်မဟုတ်ပေ။ထို့ကြောင့် ပညာရှာသည်ဖြစ်စေ၊ စီးပွားရှာသည်ဖြစ်စေ အောင်အောင်မြင်မြင်ဖြစ်အောင် လုံ့လပြုကြိုးစားအားထုတ်ကြ ပါမှ ကြီးပွားတိုးတက်နိုင်မည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment