Wednesday, March 30, 2016

၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲမြန်မာအသင်းလက်ဘနွန်ကိုအဝေးကွင်း၌ သရေကစား


သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-စိုးညွန့်

ရန်ကုန် မတ် ၂၉

၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်အဖြစ် လက်ဘနွန် အသင်းနှင့် မြန်မာအသင်းတို့ ယနေ့မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲက လက်ဘနွန်နိုင်ငံတွင် ယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီသရေဖြင့် ပြီးဆုံးခဲ့သည်။
ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယအဆင့်သို့ တက်ရောက်နိုင်ရန် မျှော်လင့်ချက်မရှိသော်လည်း ကစားပုံတိုးတက်လာသည့် မြန်မာအသင်းသည် လက်ဘနွန်အသင်းကို အဝေးကွင်း၌ သရေထိန်း ကစားနိုင်ခဲ့သည်။ ယခုခြေစစ်ပွဲရလဒ်များ သည် ၂ဝ၁၉ အာရှဖလားခြေစစ်ပွဲအတွက်ပါ ထည့်သွင်း တွက်ချက်ထားသောကြောင့် မြန်မာအသင်း အဆင့် (၄)နေရာရအသင်းများထဲတွင် အကောင်းဆုံး လေးသင်းစာရင်းဝင်ခဲ့သောကြောင့် အာရှဖလားပြိုင်ပွဲကို တတိယအဆင့် ခြေစစ်ပွဲမှ စတင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

မြန်မာအသင်းသည် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားခဲ့သည့် ပွဲထွက်လူစာရင်း မှ အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး နောက်ခံလူနေရာ၌ နန္ဒကျော်အစား ဟိန်းသီဟ ဇော်ကို ထည့်သွင်းကစားခဲ့သည်။ စင်ကာပူအသင်းနှင့်ပွဲမှ အမာခံကစားသမားအများစုပါဝင်လာ သည့် မြန်မာအသင်းသည် ပထမပိုင်းတွင် အိမ်ရှင်လက်ဘနွန်အသင်းကို အပြန်အလှန်ကစားနိုင် ခဲ့သည်။ ပွဲအစတွင် မြန်မာအသင်း ဂိုးရနိုင်သည့်အခွင့်အရေးများ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။ လက်ဘနွန်အသင်းသည် အမြင့်ဘောများဖြင့် အဓိက တိုက်စစ်ဆင်ခဲ့ပြီး အပိုင်ခေါင်းတိုက်ချက်များ လွဲချော်ခဲ့၍ ပထမပိုင်းတွင် ဂိုးမရှိ သရေကျနေသည်။ ဒုတိယ ပိုင်းတွင် လက်ဘနွန်အသင်း တိုက်စစ်အားမြှင့် လာသော်လည်း မြန်မာအသင်းက တန်ပြန် တိုက်စစ်ဖြင့် ကစားခဲ့သည်။ ပွဲချိန် ၇၄ မိနစ်တွင် မြန်မာအသင်း ဂိုးရခဲ့ပြီး မောင်မောင်လွင်၏ ဖန်တီးပေးမှုမှတစ်ဆင့် တိုက်စစ်မှူးအောင်သူ က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်း တွင် ကျော်ကိုကို အပိုင်ကန်သွင်းခွင့်ရသော် လည်း အသုံးမချနိုင်ခဲ့ဘဲ ၈၄ မိနစ်တွင် ဟိန်း သီဟဇော် နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရသည်။ တစ်ယောက်အသာရသွားသည့် လက်ဘနွန် အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၈၆ မိနစ်တွင် လက်ဘနွန်ကစားသမားက ခေါင်းတိုက်သွင်း ယူခဲ့သည်။ သရေဖြစ်ပြီးနောက်ပိုင်းတွင် ရဲကိုဦး ဂိုးရနိုင်သည့်အခွင့်အရေးများ ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။ ထို့ကြောင့် ပွဲပြီးချိန်တွင် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ 

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာအသင်း သည် ရမှတ် ရှစ်မှတ်ဖြင့် အဆင့်လေးနေရာတွင် ရရှိပြီး တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက် နိုင်ခွင့် ဆုံးရှုံးခဲ့သည်။ သို့သော် ၂ဝ၁၉ အာရှ ဖလားပြိုင်ပွဲဝင်ခွင့်အတွက်ပါ ထည့်သွင်းတွက် ချက်ထားသောကြောင့် မြန်မာအသင်းသည် အဆင့်လေးနေရာရ အသင်းများ၏ အကောင်း ဆုံး လေးသင်းစာရင်းဝင်ခဲ့ရာ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲသို့ ယှဉ်ပြိုင်ခွင့်ရရှိခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment