Tuesday, December 1, 2015

နှစ်သိမ့်ဆွေးနွေးမှုနှင့် နွေးထွေးမှု လိုအပ်နေသည့် အိပ်ခ်ျအိုင်ဗွီဝေဒနာရှင်များ



The Mirror Daily's photo.


သတင်းဆောင်းပါး - အိချယ်ရီအောင်

ဒုတိယအိမ်ထောင်မှ ခင်ပွန်းသည်တစ်ယောက် ၎င်း၏မိဘများအိမ်တွင် ၂ဝ၁၃ ခုနှစ်အတွင်း ကွယ်လွန်ပြီး နှစ်ပတ်အကြာတွင် ခင်ပွန်းသည်၏မိဘသားချင်းများက ခင်ပွန်းသည်သည် HIV/AIDS ဖြင့် ဆုံးခြင်းဖြစ်ကြောင်း ဒေါ်ချိုအား ဖုန်းဆက်အကြောင်းကြား လာသည်။ သူ့ကိုလည်း သွေးစစ်ကြည့်ရန်ပြောသွားသေးသည်။

နေပူကျဲတဲအောက်မှာပင် ဒေါ်ချိုတစ်ယောက် သွေးစစ်ခံရန် ဆေးခန်းတစ်ခုသို့ အပြေးသွားရောက်ခဲ့ပုံကို ယခုထိ ကောင်းကောင်းမှတ်မိနေဆဲ။ ရောဂါပိုးမရှိဟု အဖြေထွက်လာတော့မှ ဒေါ်ချိုတစ်ယောက် သက်ပြင်းချနိုင်ခဲ့တော့သည်။သို့သော် နောက်ပိုင်း ကိုယ်အလေးချိန် လျော့ကျလာသလို မကြာခဏလည်း ပိုပြီးနေထိုင်မကောင်း ဖြစ်လာတော့ ဒေါ်ချိုလည်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်း နောက်တစ်ကြိမ်သွေးစစ်ကြည့်သည်။ သည်တစ်ခါ တော့ အဖြေက ပိုးရှိသည်ဟု ထွက်လာသည်။ ''ရောဂါ ဖြစ်မှန်းသိသိချင်းမှာ စိတ်မကောင်းဖြစ်သလို ဝမ်းလည်းနည်းမိတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်နေ အသက် (၄၃) နှစ်အရွယ် ဒေါ်ချိုက ပါးပြင်ပေါ်သို့လိမ့်ဆင်းလာသည့် မျက်ရည်စများကို လက်ဖမိုးဖြင့် သုတ်ရင်းပြောသည်။ ယခင်က ဒေါ်ချိုသည် အိမ်အနီးအနားမှာပင် အထည်ဆိုင်ဖွင့်ခဲ့သူဖြစ်သည်။ ရောဂါဖြစ်သည်ဟု သိသိချင်း နှစ်ရက်မြောက်သည့်နေ့၌ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်ရှိ ခုခံအား ကျဆင်းမှုကူးစက်ရောဂါကာကွယ်ရေးနှင့် ပြုစု စောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဒေါ်ချို၏ မိသားစုက လိုအပ်သည့် အသုံးစရိတ်များကို ထောက်ပံ့ပေးသော်လည်း အိမ်တွင် ညီမဖြစ်သူ၏ ကလေးငယ်ရှိခြင်းကြောင့် ဒေါ်ချို၏မိသားစုဝင်များက ကလေးငယ်အား ရောဂါကူးစက်မည်ကို စိုးရိမ်ခြင်းကြောင့် ဒေါ်ချိုအားအိမ်ပြန်မခေါ်ခဲ့ပေ။ ဒေါ်ချိုတွင် ပထမ အိမ်ထောင်ဖြင့်ရသည့် အသက် (၂၁)နှစ်အရွယ် သမီးလေး တစ်ယောက်ရှိပြီး ဂေဟာရောက်ရှိချိန်မှ စတင်၍ ယနေ့ အချိန်အထိ လာရောက်တွေ့ဆုံခြင်းမရှိကြောင်း ပြောကြားသည်။ ''သမီးက တစ်ခေါက်မှ လာမတွေ့ဘူး။ ဒါပေမယ့် ဖုန်းနဲ့တော့စကားပြောတဲ့အတွက် တော်သေးတာပေါ့'' ဟု ၎င်းက ပြောသည်။

ထိုဂေဟာတွင် ဒေါ်ချိုလိုပင် မိသားစုက လက်မခံသည့် HIV/AIDS ရောဂါဝေဒနာရှင်ပေါင်း ၃ဝဝ ရှိနေ သေးသည်။ ရောဂါကုသမှုခံယူရမည့်လူအားလုံး၏ သုံးပုံ တစ်ပုံသာ ဆေးဝါးကုသမှုရရှိခဲ့သည့် လွန်ခဲ့သောနှစ်များက နှင့်စာလျှင် မြန်မာနိုင်ငံ၏ HIV/AIDS ရောဂါဝေဒနာရှင်များ၏ ဂရုစိုက်ခံရမှုအခြေအနေမှာ အထူးတိုးတက် ကောင်းမွန်လာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်က HIV/AIDS ဝေဒနာရှင်ပေါင်း ၂၁ဝဝဝဝ ခန့်ရှိကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏လမ်းညွှန်ချက်များနှင့်အညီ ART ဆေးသောက်သုံးရန် လိုအပ်နေသူ HIV ပိုးရှိသူအရေအတွက် ၁၆ဝဝဝဝ ဝန်းကျင်ခန့်ရှိကြောင်း MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (Medecins Sans Frontieres) ၏ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ART ဆေးဝါးလိုအပ်ချက်များကို နှစ်ရှည်လများထောက်ပံ့လာခဲ့သည့် MSF ဆေးဝါး ထောက်ပံ့နေသူပေါင်း ရန်ကုန်မြို့တစ်မြို့စာအတွက် ယခုနှစ်အတွင်း ၁၇ဝဝဝ ဝန်းကျင်ရှိပြီး ART ဆေး မသောက်သုံးရသေးသည့် လူနာပေါင်း ၅ဝဝ ကျော်ခန့် ရှိကြောင်း သိရသည်။ ယခုတိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရှိ အစိုးရဆေးရုံအများစုတွင် ART/ARV ဆေးထုတ် ယူနိုင်ပြီဖြစ်ကြောင်း MSF မှ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာစိုးရတနာက ပြောသည်။ ဒီဇင်ဘာ ၁ ရက် ရောက်တိုင်း ကမ္ဘာတစ်ဝန်းတွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါနေ့ကို ကျင်းပကြသော်လည်း၊ ထိုရောဂါ နှင့်ပတ်သက်၍ အဖွဲ့အစည်းများအနေဖြင့် ပညာပေး အစီအစဉ်များ ပြုလုပ်နေသော်လည်း ယနေ့အချိန်ထိ လူ့ပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံမှုများရှိနေဆဲဖြစ်သည်။ HIV ပိုးရှိသူသည် အလိုလိုလူရာမဝင်ဆံ့ ဖြစ်နေဆဲဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင်ပင် စီမံခန့်ခွဲမှုအလွဲများကြောင့် ဆိုးရွားခဲ့ရသည့်ကျန်းမာရေး စောင့်ရှောက်မှုစနစ်တစ်ရပ်လုံးကိုသာ ပြုပြင်ပြောင်းလဲရေး မဟုတ်ဘဲ အသိမှားယွင်းခြင်းနှင့် ရှေးရိုးစွဲအယူအဆများ ကျန်ရှိသေးခြင်းတို့ကြောင့်ဖြစ်လာသည့် ရောဂါသည်များ အပေါ် ခွဲခြားဆက်ဆံလိုသည့် စိတ်များကိုပါ တိုက်ဖျက်ရမည့် တာဝန်ကြီးတစ်ရပ်က အစိုးရအတွက်အလွန်ကြီးမားလှသည့် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်သည့် အသက် (၄၈) နှစ်အရွယ် ဒေါ်စိန်မြင့်တို့သားအမိနှစ်ဦးလည်း HIV ရောဂါဖြစ်ပွားနေသည်ကို သိရှိချိန်မှစတင်၍ ပတ်ဝန်းကျင်၏ ပစ်ပယ်ခြင်းဒဏ်ကိုခံခဲ့ရသည်။ ''ဒီရောဂါ ဖြစ်တဲ့ အချိန်ကစပြီး ရွာထဲက ဘယ်အိမ်ကမှ နေ့စားလုပ်ဖို့ မခေါ်တော့ဘူး''ဟု ဒေါ်စိန်မြင့်က ပြောသည်။ ရောဂါ ဖြစ်ပွားနေသည်မှာ သုံးနှစ်ဝန်းကျင်ခန့်ရှိပြီး သားအမိနှစ်ဦးအနေဖြင့် မိမိခြံထဲတွင်သာ သီးနှံပင်များကို စိုက်ပျိုး စားသောက်နေရကြောင်း ရှင်းပြသည်။ ''အလုပ်မရှိတော့ ပိုက်ဆံမရှိဘူးလေ။ တစ်ခါတလေ စားရေးသောက်ရေး အရမ်းအခက်အခဲဖြစ်တာပဲ'' ဟု ၎င်းက ပြောသည်။ ၎င်း၏ အသက်ငါးနှစ်အရွယ် သားဖြစ်သူ မောင်လင်းသူ မှာလည်း ရောဂါပိုးကူးစက်ခံထားရပြီး ပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံမှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။ ဒေါ်ချို ကဲ့သို့ပင် ဒေါ်စိန်မြင့်သည်လည်း အမျိုးသားသေဆုံးပြီး နောက်ပိုင်းမှ ရောဂါပိုးကူးစက်ခံထားရမှန်း သိရှိခဲ့သည်။ သားအမိနှစ်ယောက်စလုံး ကိုယ်ခံအားကျဆင်းသည့် လက္ခဏာများဆက်တိုက်တွေ့လာပြီး ကျန်းမာရေး ချူချာလာခြင်းကြောင့် မိတ်ဆွေတစ်ဦးက HIV/AIDS ကူးစက်မှု ကာကွယ်တားဆီးရေး လုပ်ငန်းများလုပ်နေသည့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုသို့ ခေါ်ဆောင်ပေးသွားခြင်းကြောင့် ယင်းရောဂါဖြစ်ပွားသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်။
သားဖြစ်သူမှာ ရောဂါဖြစ်ပွားနေခြင်းကြောင့် ဆေးသောက်ရကြောင်းကိုသာသိရှိကာ ယင်းရောဂါ၏ အဓိပ္ပာယ် ကို တိတိကျကျမသိရှိသေးဟု ဒေါ်စိန်မြင့်က ပြောသည်။ ''ကျွန်မဘယ်သွားသွား သားကို ခေါ်သွားရတယ်။ ဘာကြောင့်လဲဆိုတော့သားက ကိုယ့်ဘာသာသတိထားပြီး ဆေးကို မသောက်တတ်သေးဘူးလေ။ အချိန်တွေ မှားသောက်မိရင် ရောဂါတိုးမှာကို စိတ်ပူတယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေးရော ကလေးကျန်းမာရေးကိုပါ စောင့် ရှောက်နေရပါတယ်''ဟု ၎င်းကပြောသည်။ ''ရောဂါမပြင်း ထန်ဖို့အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုခု ဖြစ်ရင် ကျွန်မတို့သားအမိနှစ်ယောက်ကို စောင့်ရှောက် မယ့်သူမရှိဘူး''ဟု ၎င်းက ဖြည့်စွက်ပြောသည်။ ''သူငယ်ချင်းတွေက သူတို့ကစားရင် သားကိုမပါခိုင်းဘူး။ သားပါမယ်ဆိုရင် ဆက်မကစားကြတော့ဘူး''ဟု ယခု သူငယ်တန်းတက်ရောက်နေပြီဖြစ်သည့် မောင်လင်းသူက လက်ထဲတွင်ကိုင်ထားသည့် ပေါင်မုန့်အလွတ်ကိုစားရင်း ပြောသည်။ ရွာတွင် အလှူပွဲများပြုလုပ်ပါကလည်း အခြားသူများမှာ မိမိတို့သားအမိနှင့် တစ်ဝိုင်းတည်းထိုင်ကာ မစားသောက်ကြောင်း၊ ၎င်းတို့သားအမိလာပါက ထထွက်သွားကြကြောင်း ဒေါ်စိန်မြင့်ကပြောပြသည်။ HIV/AIDS ပိုးရှိသူ ရောဂါရှင်များအပေါ် ခွဲခြားဆက်ဆံကြခြင်းမှာ မိသားစုဝင်များက ငွေကြေးမပြည့်စုံခြင်း၊ အိမ်တွင် လူနာ ကို စောင့်ရှောက်မည့်လူပိုမရှိခြင်း၊ HIV/AIDS ရောဂါ နှင့်ပတ်သက်၍ ဗဟုသုတမကြွယ်ဝခြင်း စသည့်အချက်များ ကြောင့်ဖြစ်ကြောင် MSF မှ ဒေါက်တာစိုးရတနာက ပြောသည်။ ''လူနာက ပုံမှန်နေကောင်းနေရင် ပြဿနာ မရှိဘူး။ နေမကောင်းဖြစ်နေတဲ့အချိန်မှ လူနာကို စောင့် ရှောက်တဲ့သူက ဆုံးပါးသွားတယ်ဆိုရင် အခြားလူတွေက မစောင့်ရှောက်ချင်တော့တာ တွေ့ရတာများတယ်''ဟု ပြောပြသည်။

ART ဆေးဝါးရရှိမှုအပိုင်းတွင် ယခင်ကထက် ပိုမို တိုးတက်ကောင်းမွန်လာပြီဖြစ်သော်လည်း ရောဂါကုသမှု ပေးရာတွင် ဝန်ထမ်းအင်အား၊ အထူးသဖြင့် ဆရာဝန် အင်အားမလုံလောက်မှုကြောင့် အခက်ကြုံနေရဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။ ''ဝန်ထမ်းအင်အားနဲ့ လူနာ နဲ့ မမျှတဲ့အခါကျတော့ ဆေးခန်းပြတဲ့ရက်ဆို အချိန် တစ်နေကုန်ပေးရတာမျိုးတွေဖြစ်တတ်တယ်။ ဆရာဝန် အင်အားနည်းတဲ့အခါကျတော့ လူနာတွေက သူတို့ရောဂါ အခြေအနေကို အသေးစိတ်ပြောပြလို့မရဘူး။ ဆရာဝန် ကလည်း လူနာတွေက အရမ်းများတော့ တစ်ယောက်ချင်းကို သေသေချာချာဂရုမစိုက်နိုင်ဘူး။

HIV လူနာက အမြဲလိုလို အားငယ်နေတတ်တယ်။ ဒါကြောင့် သူတို့ကို အားပေးနှစ်သိမ့်ပေးမယ့် ဆရာဝန် အင်အားနဲ့ သူနာပြုအင်အားက အလုံအလောက်ရှိဖို့ လိုတယ်။ ဒီလိုရှိမှလည်း လူနာတစ်ဦးချင်းစီရဲ့လိုအပ်ချက်တွေကို အားပေးနှစ်သိမ့် နိုင်မှာဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။ ရောဂါဖြစ်ပွားသည့်အချိန်မှစ၍ ဒေါ်ချိုသည် ကျန်းမာရေးကို ယခင်ထက် ပိုမိုဂရုစိုက်ပြီး အစားအသောက် အနေအထိုင်တို့ကို ဂရုစိုက်ကာ ART ဆေးကိုလည်း ပုံမှန်သောက်သုံးလျက်ရှိသည်။ သို့သော်လည်း ရောဂါ ရှိလျက်နှင့် ၎င်းကို ၎င်း၏ သမီးနှင့် ညီအစ်ကိုမောင်နှမများက တစ်ဖန်ပြန်လက်ခံပါ့မလားဟူ၍ မျှော်လင့်ချင်သည့် အရိပ်အယောင်ကို မတွေ့ရပါ။ ''ကျွန်မဒီရောဂါဖြစ်နေတော့ သမီးက သူအိမ်ထောင်ပြုရင် ခင်ပွန်းသည်က အပြစ်တစ်ခု အနေနဲ့ ပြောဆိုမှာကို ကြောက်နေတယ်။ ဒါကြောင့် ကျွန်မဘဝရဲ့ ကျန်ရှိနေတဲ့အချိန်တွေကို ဒီဂေဟာမှာပဲ ကုန်ဆုံးတော့မယ်''ဟု ဒေါ်ချိုက ပြောသည်။

(ယခုဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းထားသူ ရောဂါပိုးရှိသူများ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် ၎င်းတို့အားလုံး၏ အမည်ရင်းအစား တခြားနာမည်များဖြင့် လွှဲပြောင်းဖော်ပြထားပါသည်။)

No comments:

Post a Comment