Wednesday, December 30, 2015

စဉ်လာမပျက်နှစ်စဉ်ကျင်းပလျက်ရှိသည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ



The Mirror Daily's photo.


နေပြည်တော် ဒီဇင်ဘာ ၂၉

၂ဝဝဝပြည့်နှစ်မှစတင်ကာ နှစ်စဉ် စဉ်လာမပျက်ကျင်းပလာခဲ့သော မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကျင်းပခဲ့သည်မှာ ယခုအကြိမ်ဆိုလျှင် (၁၆)ကြိမ်မြောက်သို့ပင်တိုင်ခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့နှစ်စဉ်မပျက် ကျင်းပခဲ့မှုကြောင့်ပင် မြန်မာ့တိုင်းရင်းဆေးကို ပိုမိုလူသိများလာပြီး ပြည်သူများ၏ ပဏာမကျန်းမာရေးစောင့်ရှောက်မှုတွင် တိုင်းရင်းဆေး၏အခန်းကဏ္ဍမှာ တိုးတက်လာလျက်ရှိနေခဲ့သည်။ ထို့ကြောင့် နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် (၁၆)ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံတွင် တက်ရောက်လာကြသည့် တိုင်းရင်းဆေးလောကမှ ပါဝင်ပတ်သက်သူများအား မေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။

ရှေးဦးစွာ တိုင်းရင်းဆေးသမား တော်များညီလာခံ နှစ်စဉ်ကျင်းပနေမှု များနှင့်ပတ်သက်၍ တိုင်းရင်းဆေး ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်က ''ဒီနှစ်ညီလာခံမှာ အဆိုငါးရပ်ကို ပြည်နယ်/တိုင်းဒေသ ကြီးမှကိုယ်စားလှယ်တွေက အဆို တင်သွင်းခြင်း၊ အဆိုထောက်ခံခြင်း တွေကို ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ နှစ်စဉ်ညီလာခံတွေမှာလည်း တိုင်းရင်း ဆေးဆရာတွေရဲ့ ဂုဏ်သိက္ခာတွေ မြင့်မားလာဖို့၊ တိုင်းရင်းဆေးနဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ဖို့ ဒီအတွက်တွေကိုပဲ အဓိကထားဆွေးနွေးခဲ့ကြပါတယ်။ ဒီနှစ်ထူးခြားမှုက အဆိုပြုချက်ငါးရပ် ကို တင်သွင်းထောက်ခံရုံတင် မဟုတ်ဘဲ ဘယ်လိုလက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်မလဲဆိုတာ တွေကို မနက်ဖြန်မှာပြုလုပ်မယ့် နှီးနှောဖလှယ်ပွဲမှာ ဆက်လက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်''ဟု ပြောကြားသည်။

ထို့အတူ ဆန္ဒမွန်တိုင်းရင်းဆေး ဝါးထုတ်လုပ်ရေးမှ ဦးကြည်ဝင်းကလည်း ''မြန်မာ့တိုင်းရင်းဆေးပညာရပ် ကို ရှေးဘိုးဘွားများလက်ထက်ကစ ကျမ်းဂန်အထောက်အထားခိုင်ခိုင် မာမာနဲ့ ယနေ့ထက်တိုင် ယုံယုံကြည် ကြည်သုံးစွဲနေကြပါတယ်။ ကျွန်တော် တို့အနေနဲ့ အမျိုးသားအမွေအနှစ် အဖြစ်ခံယူပြီး ထိန်းသိမ်းစောင့်ရှောက် ရုံမက အထောက်အထားအခြေပြု အစွမ်းထက် တိုင်းရင်းဆေးဝါးများ ပေါ်ထွန်းလာရေးကို ယခုလို ညီလာခံကြီးမှာ ဆွေးနွေးညှိနှိုင်း မေးမြန်းချက်များဟာ အထောက် အကူများစွာရရှိပါတယ်။ မြန်မာ့ တိုင်းရင်းဆေးအနေနဲ့ အာဆီယံနိုင်ငံ များမှာ ထိုးဖောက် နေရာယူဖို့ကြိုးစား တဲ့နေရာမှာ တိုင်းရင်းဆေးသမား တော်များညီလာခံမှ ဆွေးနွေးညှိနှိုင်း ချက်များနဲ့ ထွက်ပေါ်လာတဲ့ရလဒ် များက များစွာအထောက်အကူပြု နိုင်မယ်လို့ ယုံကြည်မိပါတယ်''ဟု မြန်မာ့တိုင်းရင်းဆေးပညာ၏ ရပ်တည်မှုနှင့် လက်ရှိအခြေအနေကို ပြောပြသည်။

စိန်ဘယက် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ ဦးကြည်လင်းက ''ကျွန်တော်တို့အနေနဲ့ ဘိုးဘွား စဉ်ဆက်ကုသခဲ့တဲ့ အစွမ်းထက် မြန်မာ့ရိုးရာ တိုင်းရင်းဆေးပညာရပ်တွေကို သားစဉ်မြေးဆက် ဆက်လက် ထိန်းသိမ်းပြီး ပြည်သူ့ကျန်းမာရေးအတွက် တစ်တပ်တစ်အားအကျိုးပြု လျက်ရှိပါတယ်။ စစ်မှန်တဲ့ ကုန်ကြမ်း ပစ္စည်းများနဲ့ ထုတ်လုပ်မှုနည်းစဉ် တွေကို ရှေးမူမပျက်စေဘဲ ခေတ်စနစ်နဲ့အညီ နိုင်ငံတကာအဆင့်မီ ထုတ်လုပ် ဖြန့်ချိလျက်ရှိပါတယ်''ဟု ထုတ်လုပ်သူများအပိုင်းက ဆောင် ရွက်နေမှုများကို ပြောသည်။

ထွန်းရွှေဝါ တိုင်းရင်းဆေးထုတ် လုပ်ရေးမှ ဦးထွန်းရွှေက ''မြန်မာ့ တိုင်းရင်းဆေးပညာဟာကျွန်တော် တို့လူမျိုးရဲ့ အမျိုးသားအမွေအနှစ် ဖြစ်ပါတယ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုတဲ့ တိုင်းရင်းဆေး လုပ်ငန်း အမျိုးသားအမွေအနှစ်ကိုတည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းကြ ရမှာဖြစ်ပါတယ်။ အခုဆိုရင်အစဉ် အဆက်ထိန်းသိမ်းလာခဲ့တဲ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေ ကိုခေတ်နဲ့အညီသုတေသနလုပ်ငန်းတွေနဲ့ တွဲဖက်လုပ်ဆောင်လာတဲ့ အတွက်ရိုးရာလည်းမပျက်လိုက်လျော ညီထွေစွာနဲ့ တိုးတက်လာနေတာ ကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်'' ဟု ပြောပြသည်။

ဇွဲရတနာတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ ဒေါ်ရင်ရင်တင့်ကလည်း ''ကျွန်မတို့ တိုင်းရင်းဆေးထုတ်လုပ် သူတွေအနေနဲ့ အာဆီယံဒေသတွင်း တိုင်းရင်းဆေးဆိုင်ရာ ကုသမှုများ၊ ပညာသင်ကြားပို့ချမှုများနဲ့ သုတေ သနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရေးဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင် လျက်ရှိပါတယ်။ တစ်ဖက်ကလည်း အာဆီယံနိုင်ငံများအကြား တိုင်းရင်းဆေးဝါးစံချိန်စံညွှန်းများညှိနှိုင်းဆွေးနွေးခြင်း၊ ရောင်းဝယ်ဖောက်ကား ရေးအတွက်ညှိနှိုင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ထုတ်လုပ်သူတွေအပိုင်းက သတ်မှတ် စံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ်နိုင်မှသာ မြန်မာ့တိုင်းရင်းဆေး အရှည် တည်တံ့ပြီး အာဆီယံနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်''ဟု ပြောပြသည်။

ကချင်ပြည်နယ် တိုင်းရင်းဆေး ဆရာအသင်းမှ ညီလာခံကိုယ်စား လှယ် ဦးစိုးမင်းက''တိုင်းရင်းဆေး လောကမှာ တိုင်းရင်းဆေးဝန်ထမ်းနဲ့ ပြင်ပဆေးဆရာဆိုပြီးတော့ရှိတယ်။ ဒီလိုတိုင်းရင်းဆေးလောကသားတွေ ပူးပေါင်းပြီးတော့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ကချင်ပြည်နယ်မှာ ဆိုရင်လည်း ကွင်းဆင်းကုသမှုတွေ၊ ပညာပေးဆွေးနွေးမှုတွေပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ညီလာခံတွေ မှာ တင်သွင်းတဲ့ အဆို/အထောက် တွေဟာ အောင်မြင်တာတွေရှိသလို အကောင်အထည်မဖော်နိုင်တာတွေလည်းရှိပါတယ်။ ရေရှည်အနေနဲ့ အကောင်အထည်ဖော်ရမယ့်ကိစ္စတွေကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဇီးကုန်း မြို့နယ် တိုင်းရင်းဆေးဆရာအသင်းမှ ဒေါ်ငြိမ်းငြိမ်းသော်က ''မြန်မာ့ တိုင်းရင်းဆေးပညာဟာ ရှေးနှစ်ပေါင်း များစွာကတည်းကစပြီး ယနေ့တိုင်အောင် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ တိုင်း ရင်းဆေးပညာဖြစ်ပါတယ်။ တိုင်းရင်း ဆေးပညာမှာ ရောဂါသိမှု၊ ကုထုံးသိမှု၊ ဆေးဝါးသိမှုဆိုပြီး သိမှုသုံးဖြာဟာ အရေးကြီးပါတယ်။ ဒီထဲကမှ ရောဂါသိမှုပဓာနပြုဆိုတဲ့အချက်ဟာ အရေးကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အဖွဲ့အနေနဲ့ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိုင်းရင်းဆေးပညာ ရောဂါ ရှာဖွေမှုနည်းစနစ်အား ပြန်လည် ဖော်ထုတ်ပြီး လက်တွေ့အသုံး ပြုနိုင်ရန်ဆိုတဲ့ အဆိုကိုတင်သွင်း ရခြင်းဖြစ်ပါတယ်''ဟု ပြောကြားသည်။

ကံသာဆေးတိုက်မှ မျိုးဆက်သစ် တစ်ဦးဖြစ်သူ မောင်ကံသာညိမ်းက ''ကျွန်တော့် မိဘနှစ်ဦးစလုံးက တိုင်းရင်းဆေးကုထုံးများဖြင့် ဆေးကု သမှုပေးခြင်း၊ ဆေးဝါးထုတ်လုပ် ခြင်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသူများဖြစ်တဲ့အတွက် ဘဝတစ်လျှောက်လုံးမှာ တိုင်းရင်းဆေးဝါး များ၊ တိုင်းရင်းဆေးကုထုံးများရဲ့ အစွမ်းထက်မြက်မှုများကို ကိုယ်တွေ့ သိမြင်ခဲ့ရပါတယ်။ အနောက်တိုင်း ဆေးပညာကို တက်ရောက်ပညာ သင်ကြားရင်း တစ်ဖက်ကလည်း မိဘများရဲ့ တိုင်းရင်းဆေးကုသခြင်း၊ ထုတ်လုပ်ခြင်းများကို လေ့လာသင်ယူ နေပါတယ်။ ဆေးသိပံ္ပပညာနဲ့ တိုင်းရင်းဆေးပညာရပ်ကို ပေါင်းစပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကို လုပ်ဆောင်သွားဖို့ဆန္ဒ ရှိပါတယ်''ဟု ၎င်း၏ဆန္ဒကို ပြောပြသည်။

အဘထတိုင်းရင်းဆေးဝါး ထုတ် လုပ်ရေးမှ မောင်သူရိန်နိုင်အောင်ဟိန်း ကလည်း ''(၁၆)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံကို တက်ရောက်ရတဲ့အတွက် တိုင်းရင်းဆေးသမားတော်များနဲ့ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ လုပ်ငန်းရှင်များ တွေ့ဆုံနှီးနှော ဖလှယ်ခွင့်ရလို့ တိုင်းရင်းဆေးလောကအတွက် စည်းလုံးမှုရစေပါတယ်။ ကျွန်တော်တို့ထုတ်လုပ်သူတွေအပိုင်းက ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ အညီ ထုတ်လုပ်ထားတဲ့အတွက် သုံးစွဲသူပြည်သူတွေအတွက် ဘေးထွက်ဆိုးကျိုးကင်းပြီး ယုံကြည် စိတ်ချစွာသုံးစွဲနိုင်အောင် ထုတ်လုပ်ထားပါတယ်''ဟု ၎င်း၏အတွေ့ အကြုံကို ပြောပြသည်။
(ကြေးမုံ)

No comments:

Post a Comment