Tuesday, December 1, 2015

အာဆင်နယ်အတွက် သူရဲကောင်းသစ်(သို့မဟုတ်)မီဆပ်အိုဇေးလ်




မီဆပ်အိုဇေးလ်က နော့ခ်ျဝှစ်နဲ့ပွဲမှာ အာဆင်နယ်အတွက် အဖွင့်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက်မှာ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေက မှတ်တမ်းတင်သူအားလုံးကို အလုပ်များစေခဲ့တယ်လို့ ဒေးလီးမေးလ်က ချီးကျူးရေးသားပါတယ်။ အိုဇေးလ်က အာဆင်နယ်အတွက် နောက်ဆုံးကစားခဲ့တဲ့(၁၂)ပွဲမှာ ဂိုးဖန်တီးမှု ၁၁ ကြိမ်၊ သွင်းဂိုးနှစ်ဂိုး ကိုယ်တိုင်သွင်းယူပြီး ကလပ်အသင်းပေါ်အမှန်တကယ်အကျိုးပြုနိုင်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ ရီးယဲလ်နည်းပြ အန်စလော့တီက ရောက်ရောက်ချင်း ဂါရတ်ဘေးလ်ကို ခေါ်ယူခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့်အာမခံချက်မရရှိ တဲ့အတွက် သူဟာ ရီးယဲလ်ကို စွန့်ခွာပြီး အာဆင်နယ်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။


၂ဝ၁၃ စက်တင်ဘာ ၁၄ ရက် ဆန်းဒါးလန်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်အတွက် ပွဲဦးထွက် ဝင်ရောက်ကစားပေးခဲ့ပြီး ဂီရော့ဒ်သွင်းယူခဲ့တဲ့သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် အိုဇေးလ်ဆီက ဒီထက်ပိုပြီး ခြေစွမ်းပြသနိုင်မယ်လို့မျှော်လင့် ထားတဲ့ အာဆင်နယ်ပရိသတ်တွေကတော့ အလုံးစုံကျေနပ်နှစ်သိမ့်ခြင်းမရှိဘဲ အိုဇေးလ် ဟာ ရီးယဲလ်အတွက်သာ ပိုမိုပေးဆပ်ကစားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။အိုဇေးလ်က အာဆင်နယ်မှာ ကစားခဲ့တဲ့ ပထမ နှစ်နှစ်မှာ သူ့ရဲ့ ပုံမှန်ခြေစွမ်းအောက်အနည်းငယ် ကျဆင်းလာခဲ့ပါတယ်။ ဒါ့ကြောင့်လည်းသူဟာ ၂ဝ၁၂ ယူရိုဖလားပွဲနဲ့နှိုင်းယှဉ်ရင် ၂ဝ၁၄ ကမ္ဘာ့ဖလားမှာ သိပ်ပြီးခြေစွမ်းမပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျာမနီကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့ပေမယ့် အိုဇေးလ်လည်း နှစ်လလောက်သာ အာဆင်နယ်အတွက် ဝင်ရောက်ကစားပေးနိုင်ခဲ့ပြီး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် သူဟာ အာဆင်နယ်ရဲ့ အမေ့လျော့ခံကစားသမားဖြစ်လာခဲ့ပါတယ်။ သုံးလလောက်အနားယူ ခဲ့ရပြီးနောက် ပြန်လည်ဝင်ရောက်ကစားနိုင်ချိန်ကစလို့ အိုဇေးလ်ရဲ့ခြေစွမ်းက တောက် လျှောက် အတက်ဘက်မှာသာရှိနေတဲ့အတွက် သူ့ကို နည်းပြဝင်းဂါးကတောင် အတောင့် တင်းဆုံးနဲ့ လွှမ်းမိုးမှုအရှိဆုံးကစားသမားလို့ အမည်နာမပေးကာ ချီးကျူးခဲ့ရပါတယ်။


ဒီနှစ်ဘောလုံးရာသီမှာတော့ ဝင်းဂါးက အိုဇေးလ်နဲ့ အသင့်လျော်ဆုံးကစားကွက် ဖြစ်တဲ့ ၄-၂-၃-၁ ကစားကွက်ကို ခင်းကျင်းကာ ရာသီသစ်ကိုဖြတ်သန်းဖို့ အစီအစဉ်ချခဲ့ ပါတယ်။ ဒီကစားကွက်က အိုဇေးလ်ရဲ့ခြေစွမ်းအမှန်ကို အရောင်တောက်လာစေခဲ့ပြီးနောက် အာဆင်နယ်ရဲ့ကစားဟန်လည်း အသက်ဝင်လာခဲ့ပါတယ်။ အခုပရီမီယာလိဂ်ပွဲစဉ်(၁၄)ပြီးဆုံးချိန်မှာ အာဆင်နယ်က အမှတ်ပေးဇယားအဆင့် (၄)နေရာမှပဲရပ်တည်နေတယ် ဆိုပေမယ့် ဇယားထိပ်က မန်စီးတီးနဲ့ ရမှတ်နှစ်မှတ်သာ ကွာဟတဲ့အနေအထားပါ။ ဒါ့ကြောင့် အာဆင်နယ်အနေနဲ့ ချန်ပီယံဆုကို အချိန်မရွေးဆွတ်ခူးနိုင်တဲ့ အနေအထား မှာ ရှိနေဆဲပါပဲ။ အာဆင်နယ်က တိုက်စစ်ပိုင်းမှာ ပြောစရာမရှိပေမယ့် နော့ခ်ျဝှစ်နဲ့ ပွဲမှာ ချေပဂိုးပေးလိုက်ရတာက ကိုစီရယ်နီနေရာမှာ ဝင်ရောက်ကစားတဲ့ ဂါဘရီရယ်က ဂရာဘန်ကို လူကပ်ကစားဖို့ ပျက်ကွက်ခဲ့တာကြောင့်ဖြစ်ပါတယ်။


အိုဇေးလ်က ကွင်းလယ်တိုက်စစ်ကစားသမားဆိုပေမယ့် သွင်းဂိုးတွေအများကြီး သွင်းယူနိုင်တဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် ကလပ်အသင်း အကျပ်အတည်းဆိုက်လာ ချိန်တွေမှာဆိုရင် သူ့ရဲ့သွင်းဂိုးတွေနဲ့ ထိထိရောက်ရောက်အကျိုးပြုနိုင်တာကို မှတ်တမ်းတွေအရ တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့်အာဆင်နယ်အနေနဲ့ အသင်းကြီး တွေ(မန်ယူ၊ ဘိုင်ယန်၊ ဇဂရက်)နဲ့ရင်ဆိုင်နေရချိန်မှာ အဖွင့်ဂိုးကို စတင်သွင်းယူပြီး အသင်းရဲ့ရလဒ်ပိုင်းကို သက်သောင့်သက်သာ ဖြစ်စေခဲ့သူပါ။


သူရဲ့ ကွင်းလယ်မှာ အကွက်မြင်မြင်ဖန်တီးပေးမှုတွေက အာဆင်နယ်တိုက်စစ် ကစားသမားတွေကို နေရာလွတ်တွေပိုမိုရလာစေခဲ့တာကြောင့် အောက်တိုဘာလကုန်ကပဲ ပရီမီယာလိဂ်ရဲ့ ပွဲဆက် ဂိုး ဖန်တီးမှုအများဆုံးကစားသမား ဖြစ်ခွင့်ရခဲ့ပါတယ်။ သူ့ကိုဂျာမနီလူငယ် အသင်းနည်းပြ ရူ့စ်ဘတ်က '' ဂျာမနီမက်ဆီ'' လို့ ကင်ပွန်းတပ်ခဲ့ပေမယ့် အမှန်တော့ အိုဇေးလ်က မက်ဆီနဲ့ကစား ဟန်မတူဘဲ အရင်ရီးယဲလ်ကွင်းလယ်လူ ဇီဒန်း၊ ဖီဂိုတို့နဲ့သာ ကစားပေါက်တူသူဖြစ်ပါတယ်။ ဇာဗီအလွန်ဆိုကတော့ အခုခေတ် ကစားသမားတွေထဲမှာ အိုဇေးလ်လိုကစားဟန်မျိုးကစားနိုင်သူ ဆိုတာ မတွေ့ရလောက် အောင်ရှားသွားပြီလို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် အိုဇေးလ်ကတော့ တစ်ကိုယ်တော်ရရှိတဲ့ မှတ်တမ်း ကောင်းတွေထက် ကလပ်အသင်း ချန်ပီယံဆုနဲ့ ရာသီသိမ်းနိုင်ဖို့ သာ ပိုပြီး အရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။ အင်္ဂလန်ကစားသမား တစ်ယောက် ခြေစွမ်းပြနေရင် လိုအပ်တာထက် ပိုပြီးချီးကျူးရေးသားလေ့ရှိတဲ့ အင်္ဂလန်မီဒီယာတွေကတောင် အိုဇေးလ်သာ ပရီမီယာလိဂ်ရဲ့ အကောင်းဆုံးကစား သမားဖြစ်တယ်လို့ ဝန်ခံရေးသားရ တဲ့အထိ ခြေစွမ်းထက်ခဲ့ပါတယ်။


တစ်ခုသတိထားကြည့်ရင် အာဆင်နယ်အနေနဲ့ အိုဇေးလ်ရောက်ရှိလာပြီး နောက်ပိုင်း တစ်နှစ်မှဖလားလက်မဲ့ရာသီမဖြစ်သေးပါဘူး။ ဒါကြောင့် အက်ဖ်အေ ဖလားနှစ်ကြိမ် ဆက်တိုက် ဆွတ်ခူးနိုင်ပြီးနောက်မှာ ၂ဝဝ၃-၂ဝဝ၄ ဘောလုံးရာသီ နောက်ပိုင်း ပရီမီယာလိဂ် ဖလားကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ဖို့ လိုအပ်နေပြီလို့ပဲ ယုံကြည်ရင်း...။



ရွိုင်ယန်ဟေဒင်

No comments:

Post a Comment