Tuesday, December 1, 2015

1.12.2015...ကြေးမုံ စာတည်းရှုထောင့်




ကုရာနတ္ထိမှ ယခုဆေးရှိလာပြီ




ယခင်က ''ကုရာနတ္ထိဆေးမရှိ''ရောဂါကို ခုခံအားကျဆင်းမှုကူးစက်ရောဂါ(အေအိုင်ဒီအက်စ်)ဟု ဆိုကြသည်။ ထိုရောဂါရရှိသည်နှင့် ကုသရန်ဆေးမရှိဘဲ တဖြည်းဖြည်းကိုယ်ခံအားကျဆင်းကာ နောက်ဆုံးတွင် ဘဝနိဂုံးချုပ်ရသောကြောင့် ယင်းသို့ဆိုခြင်းဖြစ်သည်။ ထိုရောဂါဖြစ်လာလျှင် စိတ်ဓာတ်ကျဆင်းကာ ဘဝနေဝင်ချိန်ကို စောင့်ရသည်။ ယခုဤသို့ဘဝ နေဝင်ချိန်ကို မစောင့်ရတော့၊ ကုရာနတ္ထိဆေးရှိလာပြီ။

ယင်းဆေးမှာ အေအာရ်ဗွီဆေးဖြစ်သည်။ အေအာရ်ဗွီဆေးသည် အေအိုင်ဒီအက်စ်ရောဂါ၏ ကနဦးဖြစ်စဉ် အိပ်ခ်ျအိုင်ဗွီပိုးကို ထိန်းချုပ်သည့် ဆေးဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီရောဂါကို အသေမသတ်နိုင်သော်လည်း ခန္ဓာကိုယ်အတွင်းဝင်နေသော အိပ်ခ်ျအိုင်ဗွီပိုးကို မလှုပ်နိုင်အောင်၊ ဆက်လက် မပြန့်ပွားနိုင်အောင် ထိန်းထားခြင်းဖြစ်သည်။ ထိုသို့ထိန်းလိုက်နိုင်သဖြင့် အိပ်ခ်ျအိုင်ဗွီပိုးသည် ခန္ဓာကိုယ်ခုခံအားစနစ်ကို ဒုက္ခမပေးနိုင်တော့ချေ။ ထိုအခါ ခုခံအားကျဆင်းသည့် အေအိုင်ဒီအက်စ်ရောဂါအဆင့်သို့ မရောက်ရှိ တော့ဘဲ ပိုးရှိလျက်နှင့်ပင် သက်တမ်းစေ့နေနိုင်သည်။

ထို့နောက် အိပ်ခ်ျအိုင်ဗွီရောဂါဆက်လက်ကူးစက်နိုင်ခြင်းမရှိအောင် တားဆီးကြမည်။ ထိန်းချုပ်ကြမည်ဆိုလျှင် အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွား မှုရပ်တန့်သွားပြီး ဖြစ်ပွားဆဲလူနာများအား ထိန်းချုပ်ထားပြီး သက်တမ်း စေ့နေထိုင်ကာ နောင်ကာလများတွင် အေအိုင်ဒီအက်စ်ရောဂါ ပပျောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုရောဂါကူးစက်ခံရမူသိလျှင်သိချင်း အမြန်ဆုံး ဆေးတိုက်ကျွေးခြင်းဖြင့် ရောဂါကိုထိန်းချုပ်နိုင်ပြီဖြစ်သည်။

သို့သော် ကုလသမဂ္ဂမှတ်တမ်းများအရ ကမ္ဘာပေါ်တွင် အိပ်ခ်ျအိုင်ဗွီရောဂါ ပိုးကူးစက်ခံရသူ လူဦးရေ ၃၅ သန်းရှိသည်ဟုဆိုထားသည်။ ထို ၃၅ သန်းတွင် လူဦးရေ ၁၉ သန်းခန့်ကို ကျန်းမာရေးအဖွဲ့များက ဖော်ထုတ်မှတ်တမ်းတင်နိုင်ခြင်းမရှိသေးဟုဆိုထားသည်။ ထို့ကြောင့် ရောဂါထိန်းချုပ်ရေးနှင့် ရောဂါ ပပျောက်ရေးအတွက် အလှမ်းဝေးနေသကဲ့သို့ဖြစ်နေသည်။

ထိုရောဂါဖြစ်ပွားနေမှု အသေးစိတ်ကို တိတိကျကျသိရှိမှသာ ရောဂါကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ရောဂါမပြန့်ပွားအောင် တားဆီးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အိပ်ခ်ျအိုင်ဗွီရောဂါပိုးကူးစက်မှုခံရခြင်းသည် ရှက်စရာ၊ ကြောက်စရာ မဟုတ်တော့ပါ။ မိမိအသက်ရှင်သန်ရေးအတွက် ကျန်းမာရေးဌာနသို့ ချက်ချင်း အသိပေးရမည် ဖြစ်သည်။ ထိုရောဂါသည် အပျော်အပါးလိုက်စားရာမှ ကူးစက် ခြင်းဖြစ်၍ အပျော်အပါးလိုက်စားခြင်းကို လျှော့ချသင့်သည်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံမိလျှင်လည်း အကာအကွယ်ပစ္စည်းကို အသုံးပြုသင့်သည်။ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရန် အသိပညာပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ကွင်းဆင်းဆောင်ရွက်သွားကြရမည်။

အိပ်ခ်ျအိုင်ဗွီရောဂါပိုးကို စတင်သိရှိခဲ့သည်မှာ နှစ်ပေါင်း ၃ဝ ကျော်သာရှိသေးသည်။ ထိုကာလနောက်ပိုင်း မျက်မှောက်ကာလတွင် ရောဂါပိုးကို သိသိသာသာထိန်းချုပ်လာနိုင်သည်မှာ ဆေးသိပ္ပံလောက၏ကြီးမားသောအောင်မြင်မှုဖြစ်သည်။ ကုလသမဂ္ဂအေအိုင်ဒီအက်စ်တိုက်ဖျက် ရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ ယမန်နှစ်က ကမ္ဘာတစ်ဝန်းတွင် အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးသူ ၁ ဒသမ ၅ သန်းရှိသည်ဟု သိရသည်။ လွန်ခဲ့သည့် ၂ဝဝ၅ ခုနှစ်က သေဆုံးနှုန်း ၂ ဒသမ ၄ သန်းရှိခဲ့သောကြောင့် ယခုအခါ အေအိုင်ဒီအက်စ်ရောဂါ ကို ထိရောက်စွာ ဟန့်တားထားနိုင်သည်မှာ သေချာပါသည်။

တစ်ချိန်သောအခါက ကုရာနတ္ထိဆေးမရှိဖြစ်ခဲ့သော ကြောက်စရာရောဂါဆိုးကြီးကို ယခုအခါ ကုရာနတ္ထိဆေးမရှိမဖြစ်ဘဲ ထိန်းချုပ်ကုသ နိုင်ပြီဖြစ်သည်။ ကုလသမဂ္ဂဦးဆောင်မှုဖြင့် ဝိုင်းဝန်းကာကွယ်တိုက်ဖျက် နိုင်သောကြောင့် နောင်နှစ်များစွာတွင် ထိုရောဂါကို ထိန်းချုပ်နိုင်တော့မည်ဟု ရဲရဲတင်းတင်းအာမခံနိုင်ပြီဟု ဆိုရမည်ဖြစ်သည်။

အေအိုင်ဒီအက်စ်ရောဂါကို ၂ဝ၃ဝ ပြည့်နှစ်အရောက် လာမည့် ၁၅ နှစ်အတွင်း အပြည့်အဝထိန်းချုပ်နိုင်တော့မည်ဟု ပြောကြားကြသည့် နိုင်ငံတကာအေအိုင်ဒီအက်စ်တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူများအား ကြိုဆိုထောက်ခံအသိအမှတ်ပြုလိုက်ပါသည်။ ။

No comments:

Post a Comment