Sunday, November 1, 2015

ဒုတိယအကြိမ်မြောက် JICM အစည်းအဝေးကို နိုဝင်ဘာ ၁၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည်



The Mirror Daily's photo.


ရန်ကုန် အောက်တိုဘာ ၃၁

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးကို လာမည့်နိုဝင်ဘာ ၁၆ ရက်တွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဦးဆောင်ပြီး နေပြည်တော်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၃၁ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)တွင် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC) ပထမအကြိမ် အစည်းအဝေး၏ နောက်ဆုံးနေ့ ဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်း ပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ပြီးစီးခဲ့သည့် ပထမအကြိမ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အစည်းအဝေး သုံးရက်တာကာလအတွင်း၌ ပြည်ထောင်စုအစိုးရဘက်မှ ကိုယ်စားလှယ် ၁ဝ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်များဘက် မှ ကိုယ်စားလှယ် ၁ဝ ဦးနှင့် အရပ်သား ကိုယ်စားလှယ် ခြောက်ဦးပါဝင်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို မူအားဖြင့်ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။ ယင်းကော်မတီ တွင်ပါဝင်မည့် အရပ်သားခြောက်ဦး၏ အမည်စာရင်းကို နှစ်ဖက်ကိုယ်စား လှယ်များက ပထမအကြိမ် အစည်းအဝေးတွင် ပေးသွင်းနိုင်ခဲ့ခြင်းမရှိခဲ့သော်လည်း ပြည်ထောင်စုအဆင့် ကော်မတီ၏ အလုပ်တာဝန်များနှင့် တွဲဖက်ဆောင်ရွက်ရမည့် အလုပ်အဖွဲ့ ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးနိုင်ခဲ့သည်။ ယင်းအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့် ရေးကော်မတီများ၏ ဖွဲ့စည်းပုံကို လည်း ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)၏ အထူးအကြံပေး ဦးလှမောင်ရွှေက ''ဒီဆွေးနွေးချက် တွေအားလုံးကို ထပ်ပြီးအချောသပ်ပြီးရင် နိုဝင်ဘာ ၁၆ ရက် နေပြည်တော်မှာ ပြုလုပ်မယ့် JICM အစည်းအဝေးမှာ နှစ်ဖက်ခေါင်းဆောင် တွေက ညှိနှိုင်းပြီး အတည်ပြုမယ်။ ဒါပြီးရင် အပစ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့ အစိုးရရဲ့ကြားထဲမှာ ထိန်းသိမ်းတဲ့ နယ်မြေတွေကို ဆက်ဆွေးနွေးဖို့ရှိ မယ်။ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ လိုက်နာ ရမယ့်ကိစ္စတွေက အခုလည်းအတော် ဆွေးနွေးခဲ့ပြီးသွားပြီ။ လာမယ့် နိုဝင်ဘာ ၁၆ ရက်မှာ ဆွေးနွေးပြီးရင် တိုင်းရင်းသားဘာသာစကားတွေနဲ့ ဖြန့်ချိဖို့ အစီအစဉ်တွေပါရှိတယ်'' ဟု ပြောကြားသည်။

JMC အား ပြည်ထောင်စုအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်နှင့် ဒေသန္တရအဆင့်ဟူ၍ အဆင့်(၃) ဆင့်ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။ ပြည်ထောင်စုအဆင့်သည် မူဝါဒရေးရာဆိုင်ရာကိစ္စများကို တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။ ပြည်နယ်/ တိုင်းဒေသကြီးအဆင့်နှင့် ဒေသန္တရ အဆင့်များသည် လုပ်ငန်းအကောင် အထည်ဖော်ခြင်းများကို အဓိက ဆောင်ရွက်မည်ဖြစ်သည်။ ပြည်နယ်/ တိုင်းဒေသကြီးအဆင့်တွင် ဆုံးဖြတ်ချက် မချမှတ်နိုင်သည့်ကိစ္စရပ်များအား ပြည်ထောင်စုအဆင့်မှအဆုံး အဖြတ် ပေးသွားမည်ဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) ဖွဲ့စည်းရခြင်းနှင့် စပ်လျဉ်းပြီး '' JMC ရဲ့ အဓိကတာဝန်ကတော့ NCA စာချုပ်ထဲမှာပါတဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ၊ နှစ်ဖက်တပ်တွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြည်သူလူထုကို အကာအကွယ်ပေးရမယ့် ကိစ္စရပ်တွေကို အခြေခံပြီး ဒါကို စောင့်ကြည့်လေ့လာ စိစစ်ပြီးတော့ လိုအပ်ရင်လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်မယ်။ ပြဿနာ ဖြေရှင်းတယ်ဆိုတဲ့ အဓိက အခြေခံ တာဖြစ်ပါတယ်''ဟု MPC အစီအစဉ် ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး က ပြောကြားသည်။

ယနေ့ပြုလုပ်သည့် ပထမအကြိမ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) အစည်းအဝေးတတိယနေ့ ဆွေးနွေးပွဲ အပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) မှ စောအိုင်းဇက် တို့က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ထို့နောက် အစည်းအဝေးပွဲအပြီး ညနေ ၆ နာရီတွင် MPC မှ အထူး အကြံပေး ဦးလှမောင်ရွှေ၊ အစီအစဉ် ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ဆလိုင်းယောအောင် နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၏ အကြံပေးဖြစ်သူ ခွန်ဆေကျိုင်ယင်တို့က သတင်း မီဒီယာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ် ခဲ့သည်။

ပထမအကြိမ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးကို အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက် အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို နေပြည်တော်တွင် ၂ဝ၁၅ခုနှစ် အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ပိုင်းမှ အောက်တိုဘာ ၁၇ ရက်အထိ ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) တို့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သတင်း-မြတ်သန္တာမောင်
ဓာတ်ပုံ-အငယ်လေး

No comments:

Post a Comment