Sunday, November 29, 2015

ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲလာပြီး လေကြောင်းခရီးသွားကဏ္ဍ တိုးတက်လာ




The Mirror Daily's photo.


သတင်း - ဆုနှင်းလဲ့
ဓာတ်ပုံ-ခင်မောင်ဝင်း

ရန်ကုန် နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းပြေးဆွဲလာမှုများရှိလာပြီး လေကြောင်းခရီးသွား ကဏ္ဍမှာလည်း တိုးတက်လာကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာန၊ လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပြုပြင်ပြောင်းလဲမှုများစွာနှင့်အတူ နိုင်ငံ တကာမှ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး ခရီးသွား ကဏ္ဍတိုးတက်လာခဲ့ရာတွင် ပြည်တွင်း လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲခြင်း အပြင် ယခင်က ချိတ်ဆက်ပြေးဆွဲနိုင်ခြင်းမရှိ သည့် နိုင်ငံတကာလေကြောင်းလိုင်းများ၊ ချိတ်ဆက်ပြေးဆွဲခဲ့ပြီးဖြစ်သည့် လေကြောင်းလိုင်းများ ပြန်လည်ချိတ်ဆက် ပြေးဆွဲလာကာ ပြည်တွင်း၊ ပြည်ပ လေကြောင်းခရီးသွားကဏ္ဍတွင် ခရီးသည် တိုးတက်မှုများရှိခဲ့သည်ဟု သိရသည်။

ပြည်တွင်း လေကြောင်းလိုင်းအနေဖြင့် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် လေကြောင်း လိုင်း ခြောက်လိုင်းနှင့် ခရီးသည် ၂ ဒသမ ၅ သန်းခန့်၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် လေ ကြောင်းလိုင်း ခြောက်လိုင်း၊ ခရီးသည် ၃ ဒသမ ၄ သန်း၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် လေကြောင်းလိုင်း ခုနစ်လိုင်း၊ ခရီးသည် ၃ ဒသမ ၆ သန်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် လေကြောင်းလိုင်း ရှစ်လိုင်း၊ ခရီးသည် ၃ ဒသမ ၉ သန်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် လေကြောင်းလိုင်း ကိုးလိုင်း၊ ခရီးသည် ၄ ဒသမ ၅ သန်းခန့်နှင့် ယခုဘဏ္ဍာနှစ် ဧပြီ လမှ စက်တင်ဘာလအထိ လေကြောင်းလိုင်း ၁၁ လိုင်းမှ ခရီးသည် နှစ်သန်းခန့် သယ်ယူ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် နိုင်ငံတကာမှ လေကြောင်းသွားလာမှုအနေဖြင့် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် နိုင်ငံတကာ လေကြောင်းလိုင်း ၁၄ လိုင်းမှ ခရီးသည် ၁ ဒသမ ၃ သန်း၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် လေကြောင်းလိုင်း ၂၁ လိုင်း ခရီးသည် ၁ ဒသမ ၆ သန်း၊ ၂ဝ၁၂-၂ဝ၁၃ တွင် လေကြောင်းလိုင်း ၂၈ လိုင်း ခရီးသည် ၂ ဒသမ ၂ သန်း၊ ၂ဝ၁၃- ၂ဝ၁၄ တွင် လေကြောင်းလိုင်း ၂၄ လိုင်း ခရီးသည် ၂ ဒသမ ၈ သန်း၊ ၂ဝ၁၄-၂ဝ၁၅ တွင် လေကြောင်းလိုင်း ၂၄ လိုင်း ခရီးသည် ၃ ဒသမ ၃ သန်း၊ ယခုဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာလအထိ လေကြောင်းလိုင်း ၂၄ လိုင်းမှ ခရီးသည် ၁ ဒသမ ၅ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ နိုင်ငံတကာ လေကြောင်းလိုင်းများအပြင် ဥရောပ၊ အရှေ့ အလယ်ပိုင်းနှင့် သြစတြေးလျနိုင်ငံတို့မှ လေကြောင်းလိုင်း ကိုးလိုင်းနှင့်လည်း အကျိုးတူပူးပေါင်း၍ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးသို့ ချိတ်ဆက်ပျံသန်း ပြေးဆွဲလျက်ရှိသည်ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

''လေကြောင်းညွှန်ကြားမှု ဦးစီးဌာန (DCA) ဟာ နိုင်ငံတော်အတွက် ဝင်ငွေများစွာ ရှာဖွေပေးနေတာဖြစ်ပါတယ်။ ဒါကြောင့် ဌာနကို စနစ်တကျနဲ့ တစ်ဦးချင်းဂုဏ်ရှိအောင်၊ ဂုဏ်တက်အောင် ဖန်းတီးရမှာဖြစ်ပါတယ်။ လေဆိပ် အသေးတွေကိုလည်း ပုဂ္ဂလိကကို ဆောင်ရွက်ခွင့်ပေးမှာဖြစ်ပါတယ်။ DCA အနေနဲ့ ကြီးကြပ်တာနဲ့ ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်တာဖြစ်တဲ့အတွက် တကယ်ကိုကြီးမားတဲ့ ဆောင်ရွက်ချက်ဟာ ဟံသာဝတီ လေဆိပ်ကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ လေယာဉ်ဆင်းတဲ့အကြိမ် အကန့်အသတ်မရှိတော့ဘဲ ၂၄ နာရီ Operation လုပ်နိုင်မယ့် International Gate Way ဖြစ်တဲ့ ဟံသာဝတီ လေဆိပ်ဟာ နိုင်ငံရဲ့ ကြီးမားတဲ့ ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်'' ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားသည်။

ပြည်တွင်း ပြည်ပ လေကြောင်းလိုင်းများ တိုးမြင့်များပြားလာမှုအပေါ် '' ပြိုင်ဆိုင်မှုများလာတော့ ဝန်ဆောင်မှု ပိုကောင်းလာတာကို ခရီးသည်တွေ ခံစားရမှာပါ။ ဒါပေမယ့် ပြည်တွင်းခရီးသည်တွေအတွက်က လေယာဉ်ခရီးစဉ် ဈေးနှုန်းတွေ ကြီးမြင့်နေသေးတယ်။ ပြည်ပသွားတဲ့ ဈေးနဲ့အတူတူလောက် ဖြစ်နေတယ်။ ပြည်ပက စရိတ်နည်းလေကြောင်းလိုင်းတွေအပြင် ပြည်တွင်း လေကြောင်းလိုင်းတွေ အပြိုင်အဆိုင်ဝန်ဆောင်မှုပေးတော့ အဆင်ပြေတယ်။ နိုင်ငံခြားဧည့်သည်တွေကတော့ ငွေသုံးနိုင်တဲ့ ဧည့်သည်တွေ၊ စီးပွားရေးအတွက် လာတဲ့ ဧည့်သည်တွေ၊ Package Tour တွေကတော့ ပြည်တွင်းမှာ လေယာဉ်နဲ့ သွားတာများတယ်။ ရန်ကုန်ရောက်လာတယ်၊ ပုဂံသွားတယ်၊ ညောင်ဦးသွားတယ်။ မန္တလေးသွားတယ်။ တစ်ဦးချင်းခရီး သည်တွေကတော့ အဲလိုမသုံးနိုင် ဘူး'' ဟု ပြည်တွင်းပြည်ပခရီးသွား အေဂျင်စီတစ်ခုမှ တာဝန်ခံကပြောသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် လေကြောင်းသဘောတူ စာချုပ်များကို ချုပ်ဆိုဆောင်ရွက်ခဲ့ရာတွင် ၂ဝ၁၁-၂ဝ၁၂ တွင် လာအို၊ ၂ဝ၁၂-၂ဝ၁၃ တွင် ကိုရီးယားနှင့် အိန္ဒိယ၊ ၂ဝ၁၃-၂ဝ၁၄ တွင် ယူအေအီး၊ ဂျပန်၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ၂ဝ၁၄-၂ဝ၁၅ တွင် တူရကီ၊ ပြင်သစ်၊ နယ်သာလန်၊ ဖိလစ်ပိုင်၊ ၂ဝ၁၅-၂ဝ၁၆ တွင် မွန်ဂိုလီးယား၊ သြစတြေးလျ၊ ဘူတန်တို့ နှင့် နှစ်နိုင်ငံ သဘောတူ စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပြီး ယင်းတို့တွင် အသစ်ချုပ်ဆိုဆောင်ရွက်မှုများ၊ ပြင်ဆင်ချုပ်ဆိုမှုများနှင့် အသစ်ပြန်လည် စာချုပ်ချုပ်ဆိုမှုများ ပါဝင်ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

No comments:

Post a Comment