Sunday, November 29, 2015

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်တွင်ပါရှိရမည့် အခန်း (၁၀) ခန်း ထုတ်နုတ်ဆွေးနွေး





Myanmaalinn's photo.


ရန်ကုန် နိုဝင်ဘာ ၂၈
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်(မူကြမ်း)ရေးဆွဲရေးအတွက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ ဒုတိယနေ့အစည်းအဝေးကို မြန်မာ နိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)၌ နံနက် ၁ဝ နာရီကကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ''ကျွန် တော်တို့အနေနဲ့ တာဝန်မလွှဲခင်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုကိစ္စတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ သမ္မတ ကြီးက တာဝန်ပေးထားပါတယ်။ ဒါကြောင့် အခြေခံမူဘောင်ရေးဆွဲ တဲ့အခါမှာအကြံပြုချက်တစ်ခုတင်ပြ ချင်တာကတော့ ဒီမူဘောင်ရေးဆွဲ တဲ့အခါမှာ ပါဝင်သင့်ပါဝင်ထိုက်တာ တွေ ပါစေချင်ပါတယ်။ အချိန်အကန့် အသတ်လည်းရှိတဲ့အတွက် ဘောင် အလွန်ကျယ်သွားမှာလည်း စိုးရိမ် ပါတယ်။ ဒီနိုင်ငံရေးဆွေးနွေးပွဲကြီး မှာ ပါသင့်တဲ့ဦးရေကအစ အချိုးကျ လေးနဲ့ တိုင်းရင်းသားတွေလည်း ပါဝင်လာနိုင်အောင် ထည့်သွင်း စဉ်းစားပေးဖို့ပါပဲ။ ကျွန်တော်တို့က ဒီ Political Dialogue ကို အခြေခံ ကောင်းတွေနဲ့ စနိုင်အောင် လုပ်ပေး ခဲ့ခြင်းဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါ မှာလည်း NCA စာချုပ်ပေါ်မှာပဲ ရပ်တည်သွားမှာဖြစ်ပါတယ်''ဟု ယနေ့ ကျင်းပသည့် ဒုတိယနေ့အစည်းအဝေး အဖွင့်တွင် ထည့်သွင်းပြောကြားသည်။
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်(မူကြမ်း)ရေးဆွဲရေးကော်မတီ အစည်းအဝေး ဒုတိယနေ့တွင် ယခင် ပထမနေ့က သုံးပွင့်ဆိုင်ဆွေးနွေး ရွေးချယ်ခဲ့သည့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်တွင်ပါရှိရမည့် အခန်း (၁ဝ)ခန်းကို အလွတ်သဘော ပြန်လည်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယင်းနိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ပါရှိရမည့်အခန်း (၁ဝ) ခန်းမှာ နိဒါန်း၊ ရည်ရွယ်ချက်၊ အခြေခံ မူများ၊ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်း စဉ်များ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်စုဖွဲ့မှု၊ နိုင်ငံရေးဆွေးနွေးပွဲများ တွင် ဆွေးနွေးမည့်အကြောင်းအရာ များ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူဆုံးဖြတ်ချက်ချမှတ်ခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲများကို စီမံခန့်ခွဲ ခြင်း၊ ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုအတည်ပြုခြင်းနှင့် အကောင် အထည်ဖော်ခြင်း လုပ်ငန်းစဉ်များနှင့် အထွေထွေဟူ၍ အဆိုပါ အခန်း(၁ဝ) ခန်းကို အလွတ်သဘော ဆွေးနွေး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
''ဒီကနေ့ကတော့ မနေ့ကထုတ် နုတ်ဆွေးနွေးခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ မူဘောင်တွင် ပါရမယ့်အခြေခံ အချက် ၁ဝ ချက်အပေါ်မှာ ဆွေးနွေး ကြတာပါ။ ဒီနေ့ဘာတွေကို အခြေခံ ပြီးတော့ ဆွေးနွေးကြလဲဆိုရင် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရှိ ပါတယ်။ အဲဒီမှာ ဦးရေဘယ်လောက် ပါသင့်သလဲ၊ ဥပမာငါးရာလား၊ တစ်ထောင်လား စသည်ဖြင့် ပါသင့် တဲ့အရေအတွက်ကို ဆွေးနွေးကြပါ တယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရမယ့်အကြောင်းအရာတွေ ကိုလည်းဆွေးနွေးခဲ့တယ်။ နောက် တစ်ခုကတော့ ဆုံးဖြတ်ချက်ဘယ်လို ရယူမလဲ။ ဒါကတော့ နိုင်ငံရေး ဆွေးနွေးပွဲမှာ အဓိကကျတဲ့အချက် ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီနိုင်ငံ ရေးဆွေးနွေးပွဲတစ်ခုလုံးကို စီမံခန့်ခွဲ သွားမယ့်ပုံစံတွေနဲ့ ဒီဆွေးနွေးမှု လုပ်ငန်းစဉ်မှာက နိုင်ငံရေးအရ သော်လည်းကောင်း၊ ဖြစ်ပေါ်နေတဲ့ အနေအထားအရသော်လည်းကောင်း ပြောင်းလဲ၊ ပြင်လွယ်ဖြစ်နိုင်ဖို့နဲ့ NCA ကိုအခြေခံမယ်ဆိုတဲ့ သဘောထား တွေနဲ့ အခြေခံပြီးတော့ အလွတ် သဘော ဆွေးနွေးခဲ့ကြတာ ဖြစ်ပါ တယ်''ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)မှ ဦးအောင်နိုင်ဦး က ဆွေးနွေးပွဲအပြီးတွင် ပြောကြား သည်။
တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ကိုယ်စား မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး(ABSDF)မှ ဒုတိယ ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ဆွေးနွေး ညှိနှိုင်း၍ သဘောထားများ ရရှိလာ ပါက အစုအဖွဲ့တစ်ခုနှင့် မူကြမ်း ရေးဆွဲနိုင်ရန် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်းပြောကြားသည်။
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်(မူကြမ်း)ရေးဆွဲရေးကော်မတီ အစည်းအဝေး တတိယနေ့ကို နိုဝင်ဘာ ၃ဝ ရက် နံနက် ၉ နာရီတွင် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-မောင်စိန်လွင် (မြန်မာ့အလင်း)
ဓာတ်ပုံ-မင်းထက်

No comments:

Post a Comment