Sunday, November 1, 2015

ထိုင်းနိုင်ငံ တော်ဝင်ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ




The Mirror Daily's photo.


ရန်ကုန် အောက်တိုဘာ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ထိုင်းနိုင်ငံဘုရင့်တော်ဝင်မိသားစု၏ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် နာဂလိုဏ်ဂူ ကျောင်းတိုက်၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အဘိဓဇမဟာရဋ္ဌဂုရု အမှူးပြုသည့် ပင့်သံဃာ ၂၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ဇနီး၊ ထိုင်းဘုရင့်ကိုယ်စား ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr.Don paramudwinai နှင့် ထိုင်းဘုရင့် မိသားစုကိုယ်စားလှယ်တော်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr.Pisanu Suvanajata နှင့် သံရုံးမိသားစုများ၊ ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များ တက်ရောက် ကြသည်။

ရှေးဦးစွာ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာယူကြသည်။

ထို့နောက် ထိုင်းနိုင်ငံဘုရင့်မိသားစုများကိုယ်စား ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးက ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက ကထိန် လှူဖွယ်ပစ္စည်းများကို လည်းကောင်း ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ထိုင်းဘုရင့်မိသားစုများကိုယ်စား ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Don paramudwinai ၊ ထိုင်းနိုင်ငံ အလှူရှင်များနှင့် မြန်မာ အလှူရှင်များ၏ လှူဒါန်းငွေများကို သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းသည်။

ဆက်လက်ပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တော်ဝင်ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း ရခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားရာတွင် ထိုင်းဘုရင်နှင့် မိသားစု၏ တော်ဝင်ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကြီးကို မြတ်ဗုဒ္ဓ၏ အဆုံးအမဒေသနာတော်နှင့်အညီ မြန်မာနိုင်ငံတော်တွင် နှစ်စဉ်နှစ်တိုင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်ပါကြောင်း၊ ယနေ့ အခမ်းအနားသည် နှစ်နိုင်ငံပြည်သူတို့၏ နှလုံးသားတွင် ထာဝရပိုမိုခိုင်မြဲသည့် အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် လေးစားမှုတို့ကိန်းအောင်းလျက်ရှိနေသည်ကို ဖော်ဆောင်ပါကြောင်း၊ မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် များစွာသော မဟာကုသိုလ်တရားများတိုးပွားစေရန်နှင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မြဲလာစေရန် ဤတော်ဝင်ကထိန်သင်္ကန်းလှူဒါန်းပွဲကြီးကို နှစ်စဉ်ကျင်းပနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထိုင်းဘုရင့် မိသားစု၏ လှူဒါန်းငွေစုစုပေါင်းမှာ မြန်မာကျပ်ငွေ သိန်း ၄ဝဝ ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment