Sunday, November 1, 2015

မြန်မာလက်ဝှေ့သမားများ ထိုင်းလက်ဝှေ့သမားသုံးဦးကို အလဲထိုး




မန္တလေး အောက်တိုဘာ ၃၁
မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး ပြီး အောင်သမာဓိစိန်ရွှေရတနာဆိုင်က အဓိက ကူညီပံ့ပိုးကာ ဦးဒဿ စီစဉ်သည့် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ ငါးချီစိန်ခေါ်ပြိုင်ပွဲ ၁၁ ပွဲကို အောက်တိုဘာ ၃ဝ ရက် ညနေ ၆ နာရီခွဲက မန္တလေးမြို့ အောင်မြေမန္တလာအားကစားခန်းမ ၌ ကျင်းပရာ ပြိုင်ပွဲ ၁၁ ပွဲတွင် ငါးပွဲက ပူးတွဲ သရေကျခဲ့ပြီး ခြောက်ပွဲမှာ အနိုင်အရှုံး ပေါ်ခဲ့ ကြောင်းနှင့် လက်ဝှေ့အားကစားဝါသနာရှင်များ ရုံပြည့်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်တွင်း ငါးချီစိန်ခေါ်ပွဲတို့မှ သူရလိပ်(စွမ်းကေကေ)နှင့် ကျော်စွာဝင်း(မန္တလေး ယူနိုက်တက်)၊ မင်းနိုင်ထွန်း(တောင်ကလေး)နှင့် စောရာဇာ(ငြိမ်းချမ်းရေး)၊ သိန်းနိုင်ထွန်း (ယူနိုက်တက်)နှင့် အံ့ဘွား(ကောလင်း)၊ ကျားဗဟိန်း (မြို့တော်စည်ပင်)နှင့် စောဌေးတင် (ငြိမ်းချမ်းရေး)တို့ ပွဲစဉ်ပြိုင်ပွဲများတွင် အနိုင် အရှုံးမပေါ်ဘဲ ပူးတွဲသရေကျခဲ့သည်။
မန္တလေးတိုင်းဒေသကြီး လက်ဝှေ့ကျော် တာရာအောင်(ဗထူး-မြန်မာသိုင်း)က ဖိုက်ကေ (ကျားရဲ)ကို တတိယအချီတွင်လည်းကောင်း၊ မဲကြီး(မြဇမ္ဗူကလပ်)က မန်းလက်ဝှေ့ကျော် မိုက်သွေး(ရတနာပုံ)ကို စတုတ္ထအချီတွင် လည်းကောင်း၊ မန်းလက်ရွေးစင် ဗထူးမောင် (ဗထူး-ရတနာပုံ)က ကျော်ဇင်(သထုံ)ကို ပထမ အချီ၌လည်းကောင်း အသီးသီး အလဲထိုးအနိုင် ရရှိကြသည်။
မြန်မာ-ထိုင်း ငါးချီလက်ဝှေ့စိန်ခေါ်ပွဲစဉ် ပြိုင်ပွဲလေးပွဲတို့တွင် မြန်မာ လက်ဝှေ့ကျော် မန္တလေးတိုင်းဒေသကြီး လက်ရွေးစင် စိုးမောင်ဦး(မြန်မာ)က ထိုင်းဘုရင့်ဖလား ငွေတံဆိပ်ဆုရ ဝါလချရ်(ထိုင်း)ကို စတုတ္ထအချီတွင် လည်း ကောင်း၊ မြန်မာ့လက်ရွေးစင်ရွှေခါးပတ်ချန်ပီယံ ရဲသွေးနီ(မြန်မာ)က ထိုင်းဘုရင့် ဖလား ငွေတံဆိပ်ဆုရ ရွက်စီ(ထိုင်း)ကို ပထမအချီတွင် လည်းကောင်း၊ မြန်မာ့ လက်ရွေးစင် ကျားပေါက်(မြန်မာ)က မဲဆောက်ဖလားဆုရှင် ဝဲလ်ကွန်း(ထိုင်း)ကို ပထမအချီတွင်လည်းကောင်း အသီးသီးအလဲထိုးယှဉ်ပြိုင်အနိုင်ရ ဗိုလ်စွဲ နိုင်ကြပြီး မြန်မာ့လက်ရွေးစင် ရွှေခါးပတ်ချန်ပီယံ ဖျံသွေး(မြန်မာ)နှင့် ထိုင်း ဘုရင့်ဖလားနှစ်ထပ်ကွမ်း ချန်ပီယံလေသပ်စ်(ထိုင်း)ကို ပွဲစဉ်တွင် အနိုင်အရှုံး မပေါ်ဘဲ ပူးတွဲသရေကျခဲ့သည်။
ယင်းပွဲစဉ်တွင် လေသပ်စ်(ထိုင်း)က ဖျံသွေး(မြန်မာ)ကို ဝါရင့်လက်ဝှေ့ သမားကဲ့သို့ လက်ရည်အနည်းငယ်အသာစီးဖြင့် ငါးချီအပြီးထိ ထိုးသတ်ရာ ဖျံသွေး(မြန်မာ)က လက်ရည်စွမ်းအားအပြည့်ဖြင့် အားကျမခံ ယှဉ်ပြိုင်ထိုးသတ် ကာ သရေကစားသွားနိုင်ခဲ့သည်။ မြန်မာ-ထိုင်းပွဲစဉ်လေးပွဲစလုံးမှာ မြန်မာ လက်ဝှေ့ကျော်တို့က စိတ်ဓာတ်ကောင်း လက်ရည်အမှန်တို့ဖြင့် ထိုင်းလက်ဝှေ့ သမားများထက် သာလွန်အောင်ကြိုးစား ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့သည်ကို အဖွဲ့ ချုပ်မှ ခုံဒိုင်ချုပ် ဦးဒေါင်းနီက ပြောကြားခဲ့ကြောင်းနှင့် ပြိုင်ပွဲသို့ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်၊ တိုင်းအား/ကာ ဒုညွှန်ကြားရေးမှူး ဦးဝေဇင်၊ ပြိုင်ပွဲအလှူရှင် အောင်သမာဓိ စိန်ရွှေရတနာဆိုင်မှ တာဝန်ရှိသူများက အောင်လံဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment