Friday, October 30, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
စက်မှုအရင်းအမြစ်များ ဖွံ့ဖြိုးရမည်


ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်  ခေတ်မီတိုးတက်သော  နိုင်ငံများဖြစ်ရေး ကြိုးပမ်းအားထုတ်လျက်ရှိကြရာတွင် လက်မှု ခေတ်ကို ပြုပြင်ပြောင်းလဲပြီး စက်မှုနည်းပညာ တိုးတက်သော  ခေတ်ဆီသို့  ရည်မှန်းချက်ပန်းတိုင်ထား၍  အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိကြပေသည်။ စက်မှုနိုင်ငံဖြစ်မှသာ ခေတ်မီ တိုးတက်သော  နိုင်ငံတစ်နိုင်ငံအဖြစ်  ပြောင်းလဲနိုင်လိမ့်မည်ဟု    ယူဆထားကြသည့်အလျောက် နယ်ပယ်ကဏ္ဍအသီးသီးတို့၌ စက်မှု ဖွံ့ဖြိုးရေးကို အလေးထားထည့်သွင်းစဉ်းစားလာကြသည်။
မျက်မှောက်ခေတ်သည် နေရာတိုင်းတွင် နည်းပညာများ တိုးတက်ပြောင်းလဲလျက်ရှိသည်။ စက်မှုနှင့်  နည်းပညာများ တွင်ကျယ်စွာ အသုံးချလာနိုင်မှသာလျှင် ခေတ်မီတိုးတက်သော နိုင်ငံသစ်ဆီသို့ ဦးတည်လျှောက်လမ်းနိုင်ပေလိမ့်မည်။ စက်မှု နည်းပညာများ နေရာတိုင်းတွင် တွင်ကျယ်စွာ အသုံးချလာရေး သည် စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲမှု၏ အခြေခံအကျဆုံး အချက်တစ်ချက်ပင် ဖြစ်ပါသည်။
ဤသို့ လက်မှုခေတ်မှ စက်မှုခေတ်သို့ ပြုပြင်ပြောင်းလဲ ရာတွင် စက်မှုအရင်းအမြစ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နေရန် လွန်စွာမှအရေးကြီးလှသည်။ စက်မှု နိုင်ငံအဖြစ် ထူထောင်ရာတွင် အဓိကအရင်းအမြစ်များ ဖွံ့ဖြိုးနေဖို့ လိုသည်။ အဓိကအရင်းအမြစ်များအဖြစ် ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် စက်မှုအတတ်ပညာရှင်တည်းဟူသော အရင်းအမြစ် များ ဟန်ချက်ညီညီ ဖွံ့ဖြိုးရှင်သန်နေဖို့ လိုပါသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ   နည်းပညာ၊ ကွန်ပျူတာ၊ စက်မှု လက်မှုအစရှိသော  ကောလိပ်နှင့်  တက္ကသိုလ်များသည် စက်မှု အခြေခံကျွမ်းကျင်လုပ်သားများနှင့် အတတ်ပညာရှင်များ မွေးထုတ် ပေးရာ အရင်းအမြစ်များပင် ဖြစ်ပါသည်။ ယင်းတို့အနက် R.I.T,Y.I.T နှင့် Y.T.U စသည့် အမည်များဖြင့် အဆင့်ဆင့် ပြောင်းလဲခဲ့သော ရန်ကုန်နည်းပညာ  တက္ကသိုလ်သည်  စတင် တည်ထောင်ခဲ့သည့်အချိန်မှ  ယခုအချိန်အထိ  အင်ဂျင်နီယာ        နှင့် ဗိသုကာပညာရှင်ပေါင်း ၃ဝဝဝဝ နီးပါး မွေးထုတ်ပေးနိုင် ခဲ့ပြီးဖြစ်ကြောင်း  သိရပါသည်။  စက်မှုအတတ်ပညာရှင်များ မွေးထုတ်ပေးရာ လူသိများထင်ရှားသော  တက္ကသိုလ်ကြီးတစ်ခု ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင်  နိုင်ငံတစ်ဝန်း နည်းပညာတက္ကသိုလ်များနှင့်  ကွန်ပျူတာတက္ကသိုလ်များ ဖွင့်လှစ် ပေးနိုင်ခဲ့၍ ယခုအခါ အနာဂတ်စက်မှုနိုင်ငံအတွက် အတတ်ပညာရှင် များ အရင်းအမြစ်များကို အရှိန်အဟုန်ကောင်းစွာ မွေးထုတ်ပေးနေ ပြီဖြစ်ပါသည်။ စက်မှုနိုင်ငံထူထောင်ရာတွင် ဦးစွာပထမ အရည် အချင်းပြည့်ဝသော စက်မှုအတတ်ပညာရှင် အရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် လိုအပ်ပေသည်။
ယခုအခါ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးပွားလာနေပြီဖြစ်ပါသည်။ ဒီမို ကရေစီစနစ် ပြုပြင်ပြောင်းလဲရေးစနစ်နှင့်အတူ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများလည်း အားကောင်းလာလျက်ရှိပါသည်။ တစ်ချိန် တည်းမှာပင် စက်မှုအခြေခံလုပ်ငန်းများလည်း ဖွံ့ဖြိုးလာနေပြီ ဖြစ်ပါသည်။ သို့ဖြစ်၍ စက်မှုအရင်းအမြစ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့်တင်လျက် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရမည်ဖြစ်ပါကြောင်း။    ။

No comments:

Post a Comment