Tuesday, September 1, 2015

တောင်သမန်အင်းမှ ငှက်လှေသမားများ နိုင်ငံခြားဧည့်သည်များကို အဓိကအားထားနေရ


The Mirror Daily's photo.

အမရပူရ သြဂုတ် ၃၁

မန္တလေးမြို့သို့ ရောက်သည်နှင့် တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ အရောက်လှမ်းလေ့ရှိကြသည်။ တောင်သမန်အင်းကို ဖြတ်ကျော် တိုက်ခတ်လာသော လေနုအေး ကလေးများကို ရှူရှိုက်ကာ ရေပြင်ကျယ်ကို ကြည့်ရခြင်းကိုက မွမ်းကျပ်မှု များစွာကို ပြေပျောက်သွားစေတတ်သည်။ လေကလေးတဖြူးဖြူးနှင့် အတူ တောင်သမန်အင်းအတွင်းမှ လှိုင်းကြက်ခွပ်များသည်ပင် သဘာဝ အလှတရားဖြစ်နေသည်။ လှိုင်းအပုတ် ငှက်လှေကလေးက အလှုပ်နှင့် တငြိမ့် ငြိမ့်စီးရင်း ဦးပိန်တံတား အလှရှုခင်း ကို ကြည့်ရသည့်အရသာသည် တောင်သမန်အင်းမှ ပေးစွမ်းသော စွဲမက်ဖွယ်အလှများပင်ဖြစ်သည်။

တောင်သမန်အင်းရောက်သည် နှင့် မည်စည်ပင်တန်းတွင်ထိုင်ပြီး တိုက်ခတ်လာသော တောင်သမန် လေညင်းကို ရှူရှိုက်ကာ အနားယူခြင်း၊ ငှက်လှေစီးကာ တောင်သမန်အလှကို ခံစားခြင်း၊ နေဝင်ဆည်းဆာအလှကို ခံစားခြင်း၊ သမိုင်းဝင်သစ်သားတံတား ပေါ်လမ်းလျှောက်ကာ လေနုအေးကလေးများကို ရှူရှိုက်လိုက်ရမှ တောင်သမန်အလှနှင့် ရသပြည့်စုံ သည်ဟု ဆိုကြသည်။

တောင်သမန်အင်းနှင့် ဦးပိန်တံတားဘေးတွင် မြန်မာ့ရိုးရာအဝတ် အထည်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များစွာဖြင့် စည်ကားလျက်ရှိသည်။ သမိုင်းဝင်သစ်သား တံတားနှင့်အတူ တောင်သမန်ရသကို အပြည့်အဝ ပေးစွမ်းနေသူများထဲတွင် ငှက်လှေသမားများ ပါဝင်သည်။ ငှက်လှေတစ်စင်းလျှင် လူ ၁၅ ဦးခန့် ဆံ့သော်လည်း အနည်းဆုံးငါးဦး နိုင်ငံခြားသားခရီးသွားဧည့်သည်များ ကိုမူနှစ်ဦးနှုန်းတင်ဆောင်လှော်ခတ် ကြသည်။ လက်ရှိကာလ တောင်ပြုံး ပွဲတော်ရာသီတွင် တောင်သမန်အင်း နှင့် ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူများသော်လည်း ပြည်တွင်း ငှက်လှေစီးသူနည်းပါးလျက်ရှိသည်။

တောင်သမန်အင်းတွင် ငှက်လှေ အစင်း ၅ဝခန့်ရှိပြီး ပြည်တွင်းဧည့်သည် များကိုမူ တစ်ခေါက်လျှင် ငွေကျပ် ငါးထောင်ယူပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များကိုမူ ငွေကျပ် တစ်သောင်းယူလေ့ရှိသည်။ လက်ရှိ ကာလတွင် တောင်သမန်အင်းမှ ငှက်လှေသမားများသည် ပြည်တွင်း ငှက်လှေစီးသည့် ဧည့်သည်များထက် နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို အားထားနေရကြောင်း တောင်သမန်အင်းမှ ငှက်လှေလှော်ခတ်သူ တစ်ဦးက ပြောသည်။
(တိမ်တမန်)

No comments:

Post a Comment