Tuesday, September 1, 2015

အွန်လိုင်းစာမျက်နှာများပေါ်တွင် ကောလာဟလသတင်းများဖြန့်ခဲ့သူ ၁၉၇ ဦးအား တရုတ်အာဏာပိုင်များ ဖမ်းဆီး


The Mirror Daily's photo.

ပေကျင်း သြဂုတ် ၃၁

တရုတ်နိုင်ငံအတွင်း ပြည်သူများ အထိတ်တလန့်ဖြစ်အောင် အွန်လိုင်းမှ မဟုတ်မမှန် ကောလာဟလ သတင်းများ ဖြန့်ဝေခဲ့သူ လူပေါင်း ၁၉၇ ဦးအား တရုတ် လုံခြုံရေးအာဏာပိုင်များက ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ရှန်ဟိုင်းဈေးကွက်မတည်မငြိမ်ဖြစ်ခြင်း၊ ထျင်ကျင်း ဆိပ်ကမ်းပေါက်ကွဲမှု၏ အသေအပျောက်နှုန်းများ၊ စစ်ရေးပြ အခမ်းအနားတစ်ခုကျင်းပခြင်းစသည့် မဟုတ်မမှန် ကောလာဟလသတင်းများကို အွန်လိုင်းတွင်ဖြန့်ခဲ့သည့် လူမှုကွန်ရက်အသုံးပြုသူများကို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက လိုက်လံစုံစမ်းစစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် လူမှုကွန်ရက် အသုံးပြုသူ ၁၉၇ ဦးကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး အွန်လိုင်းအကောင့် ၁၆၅ ခုကို ပိတ်သိမ်းနိုင်ခဲ့သည်။
ရှန်ဟိုင်းစတော့ရှယ်ယာဈေးကွက် ကျဆင်းခဲ့သည့်အတွက် ရှယ်ယာရှင်တစ်ဦး မိမိကိုယ်ကိုယ် သတ်သေသွားကြောင်းနှင့် အစိုးရအဆင့်မြင့်အကြီးအကဲတစ်ဦး၏ ဆွေမျိုးတစ်ဦးက သူ၏ရှယ်ယာများကို ဟောင်ကောင်တွင် ထုတ်ရောင်းခဲ့သည်ဆိုသည့် မဟုတ်မမှန်သတင်းများမှာ အွန်လိုင်းစာမျက်နှာများပေါ်တွင် ဖြန့်ခဲ့သည့် ကောလာဟလ သတင်းများပင်ဖြစ်သည်။

နောက်ထပ်ကောလာဟလသတင်းအဖြစ် ထျင်ကျင်း ဆိပ်ကမ်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အမှန်တကယ်သေဆုံးသူအရေအတွက်မှာ ၁၃ဝဝ ကျော်သေဆုံးခဲ့ကြောင်း အွန်လိုင်းစာမျက်နှာများပေါ်တွင် မဟုတ်မမှန် သတင်းများ ထွက်ပေါ်လာခဲ့သည်။

အဆိုပါအွန်လိုင်းစာမျက်နှာများပေါ်တွင် မဟုတ်မမှန်သတင်းများ ထွက်ပေါ်လာခဲ့ခြင်းသည် ပြည်သူလူထုကို အထိတ်တလန့်ဖြစ်စေပြီး လူထုအုံကြွမှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဆိုသည်။

တရုတ်အာဏာပိုင်များ၏ သတင်းထုတ်ပြန်ရာတွင် အားနည်းချက်များရှိခြင်းနှင့် နိုင်ငံအတွင်း မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ထားခြင်းတို့သည် အွန်လိုင်းကောလာဟလ သတင်းများဖြန့်ခြင်းကို ဖြစ်ပေါ်စေသည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။ သို့သော် သမ္မတ ရှီကျင့်ဖျင်အစိုးရက သတင်းလွတ်လပ်ခွင့်ကို စွဲမြဲစွာ ချုပ်ကိုင်ထားဆဲပင်ဖြစ်သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment