Monday, June 1, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


သန်းခေါင်းစာရင်း အကျိုးကျေးဇူး


ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းသည် နိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုများအားလုံးနှင့် ဆက်စပ်လျက်ရှိပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ တွင် အခြေခံအားဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာပါ ကိန်းဂဏန်းအချက်အလက်များကို အခြေခံလုပ်ဆောင်ကြ လေ့ရှိပါသည်။ ကိန်းဂဏန်းများ တိကျမှန်ကန်မှုဖြစ်အောင် ဆောင်ရွက်ရာတွင် သန်းခေါင်စာရင်းပါ အချက်အလက်များ သည် များစွာအကျိုးရှိဖြစ်ထွန်းစေနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့်လည်း ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်းကောက်ယူပြီး နှစ်ပေါင်း ၃ဝ ကျော် အကြာ ၂ဝ၁၄ ခုနှစ် ဧပြီလတွင် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို ကောက်ယူခဲ့ပါသည်။ ၂ဝ၁၄ ခုနှစ် သြဂုတ်လတွင် ရှေ့ပြေးလူဦးရေစာရင်းကို ထုတ်ပြန်ခဲ့ပြီး မေလ ၂၉ ရက်တွင် သန်းခေါင်းစာရင်းပင်မ အစီရင်ခံစာများကို ထုတ်ပြန်နိုင်ခဲ့ ပြီဖြစ်ပါသည်။ ဤ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည်ကား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရသည့် ပြည်တွင်းအဖွဲ့အစည်းများသာမက နိုင်ငံ တကာ အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်ရ သော ကျယ်ပြန့်နက်ရှိုင်းလှသည့် လုပ်ငန်းစဉ်ကြီးဖြစ်ပါသည်။
ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းမှရရှိလာမည့် အချက် အလက်များသည် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက် ပြီးသော်လည်းကောင်း ချိတ်ဆက်နေပါကြောင်း၊ ကာလ ကြာရှည် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည့်အတွက် အခြေခံအကျဆုံးဖြစ်သည့် မိမိတို့နိုင်ငံ၏ လူဦးရေစာရင်း ဇယားများကို ခန့်မှန်းတွက်ချက်နေရသည့်အနေအထားမှ တိတိ ကျကျတွက်ချက်နိုင်သည့် အနေအထားကို ရောက်ရှိလာခြင်း သည်ပင်လျှင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူ ခြင်း၏ ပကတိတန်ဖိုးပင်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြား ခဲ့ပါသည်။
မှန်ပါသည်။ ယခုအခါ သန်းခေါင်စာရင်း အောင်မြင် စွာ ကောက်ယူနိုင်ခဲ့ခြင်းကြောင့် မည်သည့်ဒေသ၊ မည်သည့် မြို့ရွာတို့၌ လူဦးရေမည်ရွေ့ မည်မျှနေထိုင်သည်၊ မည်သည့် လူမျိုးများသည် မည်သည့်ဒေသတို့ ကျယ်ပြန့်စွာနေထိုင်သည်၊ မည်သည့်အလုပ်အကိုင်များဖြင့် အသက်မွေးဝမ်းကျောင်းပြု ကြသည်စသည်ဖြင့် ကိန်းဂဏန်းအချက်အလက်များ သိရှိ လာနိုင်ပြီဖြစ်ပါသည်။ ဤကိန်းဂဏန်းအချက်အလက်များ အပေါ်တွင် အခြေခံပြီး အနာဂတ်ဖွံ့ဖြိုးရေးအစီအမံများ ပိုမို တိကျစွာဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ပါသည်။ တစ်နည်း အားဖြင့် လူမှုရေး၊ စီးပွားရေးတို့အပြင် ဒေသတစ်ခုလုံး ဖွံ့ဖြိုး တိုးတက်အောင် စီမံကိန်းများ၊ မူဝါဒများ ရေးဆွဲဖော်ဆောင် ပေးနိုင်တော့မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment